ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

2022.02.15
ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ စစ်တပ် မီးရှို့ခဲ့တဲ့ တန့်ဆည်မြို့နယ် ကာပေါင်းကျရွာက နေအိမ်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဥ်
Photo: K.P.K Support Organization

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ ငါးရက်အတွင်း ၃၀ ခန့် သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၅ ရက် ဒီနေ့အတွင်း ကာပေါင်းကျရွာ ကနေတဆင့် မြောက်ရွာရှည်၊ ဖလံချိုင်နဲ့ ချောင်းဆုံတောင် စတဲ့ရွာတွေကို စစ်ကြောင်း ထိုးချိန် လမ်းတွေမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနေ့ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြောက်ရွာရှည်ရွာကို ဝင်ရောက်စီးနင်းချိန် အိမ် ခုနစ်လုံး မီးရှိုခံခဲ့ရသလို ဒီနေ့လည်း မီးရှို့မှုတွေဆက်ရှိနေ တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ မြောက်ရွာရှည်ကို မီးရှို့နေတာက ကာပေါင်းကျကနေ လာတဲ့အဖွဲ့တွေ။ ဖလံချိုင်တို့၊ ချောင်းဆုံ တောင်ရွာတို့ကို မီးရှိုနေ့တာတွေက နောက်တစ်ဖွဲ့။ ကာပေါင်းကျရွာကို မီးရှို့တဲ့အဖွဲ့တွေလည်း မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေရှိတယ်”

ဖေဖော်ဝါရီလ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၄၀ လောက်ပါတဲ့အဖွဲ့က ကာပေါင်းကျရွာမှာ လေးရက်တာ တပ်စွဲခဲ့ပြီးနောက် အိမ် ၃၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ် လို့လည်း ပြောပါတယ်။

ကာပေါင်းကျရွာဟာ စစ်တပ်က အာဏာသိမ်းကာလတွင်း ၁၃ ကြိမ်မြောက် မီးရှို့ခံရ တဲ့ရွာဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၁၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်ထဲက ရွာတွေဟာ PDF တွေ ထောက်ပံ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့ကြတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။