စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းလူမျိုး ၈၅ ဦး အသတ်ခံရ
2021.07.27
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၃ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ ချင်းတိုင်းရင်းသား ၈၁ ဦးဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ပထမပတ်က ချင်းရေးရာ အဖွဲ့ချုပ် Institute of Chin Affairs က ထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ၅၁ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး၊ စစ်ကိုင်းတိုင်းမှာ ၂၃ ဦး၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ တစ်ဦးစီနဲ့ မကွေးတိုင်းမှာ သုံးဦး ဆိုပြီး ထုတ်ပြန်ပါတယ်။ ချင်းရေးရာအဖွဲ့ချုပ် Institute of Chin Affairs ဟာ ဆွီဒင်နိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့အတူ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ဖွဲ့စည်း ထားတာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲက စာရင်းတွေဟာ ဇူလိုင် ၃ ရက်နေ့အထိပဲ တွက်ထားတာပါ။ ဇူလိုင် ၂၁ ရက်နေ့မှာ မင်းတပ်မြို့က တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း CDF တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ချင်း ကာကွယ်ရေးအဖွဲ့ CDF အဖွဲ့ က ထုတ်ပြန်ထားသလို ဇူလိုင် ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့က ကျန်းမာရေး ဝန်ထမ်းရဲ့ သားတစ်ယောက်လည်း သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးခဲ့ရတဲ့သူ လေးယောက်နဲ့ ပေါင်းလိုက်မယ်ဆိုရင် ချင်းတိုင်းရင်းသားတွေ သေဆုံးခဲ့တာ ၈၅ ယောက်အထိရှိနေပါပြီ။
"ဒီလိုသာအာဏာမရူးခဲ့ဘူးဆိုရင် ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ အေးချမ်းစွာနေထိုင်ခွင့်ရမှာ"
ဇူလိုင် ၂၂ ရက်နေ့ညက မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်က ကျန်းမာရေးဝန်ထမ်းတစ်ယောက်ရဲ့ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ပစ်ခတ်ခဲ့လို့ အဲဒီကျန်းမာရေးဝန်ထမ်းလည်ပင်းမှာ သေနတ် ကျည်ဆန်ထိမှန်ခဲ့သလို သူ့ရဲ့သားတစ်ဦးလည်း သေနတ်ကျည်ဆန်ကြောင့် သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ညပိုင်း ၁၁ နာရီမှာ သေနတ်သံတွေကြားပြီး အိမ်လည်းမီးလောင်တော့ မနက်ကျတော့ သွားကြည့်တော့ သူ့သားတစ်ယောက်က အသတ်ခံရတာပေါ့၊ သူ့ဖခင်ကလည်း ဒဏ်ရာနဲ့ထွက်ပြေးသွားတယ် ဆေးကုသ တယ်လို့ သတင်းတော့ကြားတယ်၊ ညသန်းခေါင်အချိန်ဆိုတော့ မာရှယ်လောလည်းရှိနေတော့ ဘယ်သူ့မှ အပြင်ထွက်မလာရဲကြဘူးလေ၊ မနက်ခင်း ကျွန်တော်တို့ သွားကြည့်တော့ သူ့သားရဲ့ အလောင်းပဲတွေ့ တယ်၊ အိမ်အောက်ဘက်နားလေးမှာ ဟိုအရင်တုန်းက စစ်ဘေးရှောင်ပြီး ရွာဘက်ကိုသွားကြတာ အခုမှ နည်းနည်းအခြေအနေကောင်းလာလို့ မြို့ပေါ်ကို ပြန်တက်လာတဲ့သဘောပါ”
ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ လက်ပံချောင်းကျေးရွာမှာနေထိုင်တဲ့ ချင်းလူမျိုး အသက် ၁၅ နှစ်အရွယ် မေရီမယ်ဒလင်းနားဟာဆိုရင် စစ်သားတွေက မုဒိန်းကျင့်သတ်ဖြတ်တာကိုခံခဲ့ရပြီး မိခင်ဖြစ်သူ ဒေါ်မာရီယားကျိန်ငိုက်ဒွန်လည်း အသတ်ခံခဲ့ရတယ်လို့ Institute of Chin Affairs ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ချင်းဒေသကာကွယ်အဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် မေ ၂၂ ရက် နေ့က စစ်ဘေး ဒုက္ခသည် ၆ ရက်သား ကလေးတစ်ဦးနဲ့ ဇွန်လ ၁၈ ရက်က လ သားအရွယ် ကလေးငယ်တစ်ဦးတို့လည်း သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မတ်လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှာ ပါဝင်ခဲ့တဲ့ အသက် ၁၈ အရွယ် မောင်ဒိုဆွင်းကိမ်း ဆိုတဲ့ ချင်းလူငယ်တစ်ဦးဟာလည်း စစ်ကောင်စီရဲ့ သပိတ်ဖြိုခွင်းမှုမှာ ဦးခေါင်းသေနတ်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့အကြောင်း အကိုဖြစ်သူက ရှင်းပြပါတယ်။
“သူက ဦးခေါင်းမှန်သွားတာဆိုတော့ ချက်ချင်းပွဲချင်းပြီး သေဆုံးသွားတာ။ သူတို့အရမ်းကို ဆန္ဒပြချင် တာပေါ့။ ဒိုင်းကာအဖွဲ့မှာ။ သူတို့က ဒီမိုကရေစီဆိုတဲ့အရသာကို သိသွားတာ။ ဒီအရသာသိတော့ အာဏာ သိမ်းပြီဆိုတော့ ဒီမိုကရေစီဘက်ကို စိတ်အားထက်သန်စွာ ချင်းတောင်ကနေဆင်းလာပြီးတော့ ဆန္ဒ လာပြတာ။”
ဟားခါးမြို့မှာ မေလ ၉ ရက်နေ့က ဦးကမ့်ဘွေနဲ့ အသက် ၅၇ နှစ်အရွယ် ဦးတဲလ်လိန်းတို့ကို CDF အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့လို့ သူတို့နှစ်ယောက်စလုံး သေဆုံးခဲ့ရပါတယ်။
သူတို့ရဲ့အလောင်းတွေကို မိသားစုကို ပြန်မပေးဘဲ သေဆုံးသူတွေဟာ Covid 19 ဖြစ်ပွားတာကြောင့် တခါတည်းမီးရှို့သင်္ဂြိုဟ်ခဲ့တယ်လို့ စစ်ကောင်စီက အကြောင်းပြန်ကြားခဲ့တယ်လို့ ဟားခါး CDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ကလေးမြို့ဘက်မှာ ဆေးကုသဖို့ခေါ်သွားတယ် ပြီးတော့ လမ်းခုလတ်မှာ ဆုံးသွားတယ်ဆိုပြီး အကြောင်း ကြားတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အဖြစ်ကို ပြန်လေ့လာတဲ့အခါမှာ ကလေးမြို့ကိုဆေးကုဖို့ ခေါ်သွားရင်းနဲ့ သေတာမဟုတ်ဘဲနဲ့ တပ်ကုန်းမှာပဲနှိပ်စက်ပြီး သူတို့လက်ချက်နဲ့ သေတယ်ဆိုတာ ကျွန်တော်တို့က အတည်ပြုထားတယ်၊ သူတို့ဘက်က နောက်ဆုံးရက်ထုတ်ပြန်ချက်ကတော့ ဆုံးသွားတဲ့လူဟာ ကိုဗစ် positive ဖြစ်တယ်၊ ကိုဗစ်-၁၉ ကြောင့် ဆုံးသွားလို့ ကလေးမြို့မှာ အလောင်းကို မီးသင်္ဂြိုဟ်လိုက်တယ်လို့ စစ်တပ်ဘက်က အကြောင်းပြန်ကြားတယ်၊ အလောင်းကိုမီးရှို့တယ်ဆိုရင် သူ့အုတ်ဂူလေးချပေးတာရှိလား သူ့အုတ်ဂူလေးကိုကြည့်ချင်တာ ဆုတောင်းလေးလုပ်ချင်တာပေါ့ အလောင်းလည်းမရှိဘူး အုတ်ဂူလည်း မရှိဘူး ဒီတိုင်းပဲမီးရှို့လိုက်တယ်၊ ဒါကိုကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး ကျွန်တော်တို့က မသမာမှုရှိတယ် တရားတယ်လို့ မခံယူနိုင်ဘူး လက်မခံနိုင်ဘူး”
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှာ ဧပြီ ၂၈ ရက်နေ့က အသက် ၂၀ ကျော်အရွယ် ကိုဖီးလစ်ထန် မွမ်းလျန် ဆိုသူဟာ ဓာတ်ဆီဆိုင်ကိုအသွား စစ်ကောင်စီက သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့ရသလို မေ ၁၆ ရက်က ညဖက်တောင်ယာကနေပြန်လာတဲ့ ဦးဂိုရှမ်မုန် ဟာလည်း စစ်ကောင်စီက သေနတ်ပစ်သတ်လို့ သေဆုံးခဲ့ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။
တီးတိန်မြို့မှာပဲ မေလ ၁၈ ရက်နေ့က လမ်းဘေးမှာထောင်ထားတဲ့ ဗုံးဒဏ်ကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။
“အဲဗုံးကိုင်တဲ့ တစ်ယောက်ကတော့ ဆုံးသွားတယ်၊ သူတို့က အမှိုက်ကောက်ပြီးတော့ အဲဗုံးလုပ်ထားတာကို လမ်းဘေးမှာတွေ့တာပေါ့နော်၊ ဘက်ထရီအိုးအသစ်နဲ့ လုပ်ထားတာပေါ့ အဲတာကိုသွားဖြုတ်လိုက်တာထင်တယ်”
စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ချင်းလူငယ်တွေအတွက် ယူကြုံးမရဖြစ်နေရတယ်လို့ တီးတိန်မြို့ခံတစ်ဦး ကပြောပါတယ်။
“ဒီအချိန်မှာ သူတို့လေးတွေဟာ ကျောင်းတွေတက်ပြီးတော့ တချို့ဆို ဘွဲ့တွေရမယ်၊ တချို့ဆို လုပ်ငန်းခွင် မှာရှိနေမယ်၊ တကယ်ကို သူတို့အာဏာမသိမ်းခဲ့ဘူးဆိုရင် ဒီလိုသာအာဏာမရူးခဲ့ဘူးဆိုရင် ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ အေးချမ်းစွာနေထိုင်ခွင့်ရမှာ။ ပညာသင်တဲ့သူလည်း ကောင်းမွန်စွာ ပညာသင်နိုင်သော အခွင့်အရေးမြောက်များစွာ ကျွန်တော်တို့ရဲ့အရှေ့မှာ လက်လှမ်းမီသလောက် ကျွန်တော်တို့ လူငယ်လေး တွေက လှမ်းနေတယ်။ အဲဒီအချိန်မှာမှ အာဏာသိမ်းရတယ်ဆိုတော့ ညီလေးလူငယ်တွေလည်း အသက် တွေပေးခဲ့ရတယ်”
ချင်းတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ချင်းတိုင်းရင်းသား ၈၅ ဦးထဲမှာ ၁၈ နှစ်အောက် လူငယ်တွေနဲ့ အသက် ၂၀ ကျော် လူငယ်အများစု ပါဝင်နေပါတယ်။