တပ်သား ၄ဦး သတ်ဖြတ်ခံရမှု ခုံရုံးဖွဲ့စစ်ဆေးပေးဖို့ KNPP တောင်းဆို

၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ်
၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ် (Photo: RFA)

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဝင် ၄ ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စကို နိုင်ငံတကာ ဥပဒေ ပညာရှင်တွေပါဝင်တဲ့ ခုံရုံးဖွဲ့စည်းကာ စစ်ဆေးစီရင်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ဖို့ KNPP က ဒီဇင်ဘာလ ၂၂ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းက ဥပဒေတွေကို အယုံအကြည်မရှိတဲ့အတွက် နိုင်ငံတကာ ဥပဒေပညာရှင်တွေပါဝင်ဖို့ တောင်းဆိုရ တာဖြစ်တယ်လို့ KNPP ရဲ့ အတွင်းရေးမှူး (၂) ဦးဒယ်နီယယ်လ်က ပြောပါတယ်။

"ဒါကတော့ဟို အများလည်း သိပြီးသားပါ။ မြန်မာပြည်မှာ ဥပဒေတွေကလည်း ဘက်လိုက်မှုတွေ ရှိတယ်လေ။ ပြီးတော့ ကျနော်တို့က ဒါကိုသိပ်အယုံအကြည် မရှိဘူးပေါ့လေ။ အပြည်ပြည်ဆိုင်ရာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေပါမှ ဖြစ်မယ်ပေါ့။ ကျနော်တို့က ဒီလိုပဲ ခံယူပါတယ်"

အဲဒီလိုစီရင်နိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း စာပေးပို့တောင်းဆိုသွားမယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာကြားမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ညနေမှာ အစိုးရတပ်မတော်က နယ်စပ်တပ်စခန်းတွေကို ရိက္ခာပို့ပြန်လာတဲ့ စစ်ကားတွေကို အဲဒီယာယီစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ သစ်မျိုးစုံနဲ့ မျောတိုင်တွေကို ဖုံးအုပ်ပြီး သယ်ဆောင်လာတာကို တေ့ွရှိခဲ့ပေမယ့် ကားကိုသွားခွင့်ပေးလိုက်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ အဲဒီလိုသွားခွင့်ပေးလိုက်ပြီးနောက် ဒကစ လက်အောက်ခံတပ် ခလရ ၅၄ တပ်ဖွဲ့က ညဖက် မှာပြန်လာပြီး ဝန်းရံကာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်မှာ တပ်ဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်ခဲ့တာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကိစ္စကို နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ အဲဒီအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို နိုင်ငံတကာ ဥပဒေပညာရှင်တွေပါတဲ့ ခုံရုံးဖွဲ့ပြီး စီရင်ဖို့ KNPP က တောင်းဆိုတာ ဖြစ် ပါတယ်။

ဒါ့အပြင် ဒီသတ်ဖြတ်မှုဟာ နှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တဲ့အပြင် ဥပဒေမဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ရှုတ်ချကြောင်းလည်း KNPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။