ကလေးမြို့မှာ PDF နဲ့ ဆက်စပ်တယ် ဆိုပြီး ဒေသခံသုံးဦး ဖမ်းဆီးခံရ

2022.02.15
ကလေးမြို့မှာ PDF နဲ့ ဆက်စပ်တယ် ဆိုပြီး ဒေသခံသုံးဦး ဖမ်းဆီးခံရ ကလေးမြို့ ဗိုလ်ချုပ်လမ်းမှာ ၂၀၂၁ ဒီဇင်ဘာ ၄ ရက်နေ့က သွားလာနေသူတွေကို တွေ့ရစဥ်
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်သစ္စာရပ်ကွက်က အိမ်တစ်အိမ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနေ့က ဒေသခံ သုံးယောက်ဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 PDF တွေကို ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်ဘက်က စွပ်စွဲပြီး သူတို့နေအိမ်မှာ ရှိနေချိန် အဖမ်းခံရတာလို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

"နေ့ခင်းဘက်ဝင်ဖမ်းတာ။ မမိထူးနဲ့ သူ့အိမ်မှာအိပ်နေတဲ့ သူ့သားရယ်၊ နောက်သူတို့ အိမ်နောက်က ဒေါ် မြင့်ဌေးရယ် အဖမ်းခံရတာ။ ဖမ်းတာကတော့ PDF ထောက်ပံ့လို့ ဖမ်းတာလို့ပဲကြားတယ်။ ရဲတောင်မပါဘူး။ လာဖမ်းတာက စစ်တပ်ကလူတွေချည်းပဲ"

 ဒေါ်မိထူးဆိုသူနဲ့ အသက် ၂၀ နှစ်အရွယ်ရှိ သူ့သားရယ် ဒေါ်မြင့်ဌေး ဆိုသူရယ်တို့ကို ကလေးမြို့ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် ဒကစမှာ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

 သူတို့သုံးဦး အဖမ်းခံရတာနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း အောင်ဇေယျရပ်ကွက်က ဦးအောင်လွင်ဦး ဆိုသူဟာ စစ်ကောင်စီတပ်တွေရဲ့ အဖမ်းခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

 ကလေးမြို့မှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူ လေးရာခန့်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ်ကော်မတီ ဦးဆောင်သူတွေက ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။