သမိုင်းမြို့သစ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူငယ်လေးဦး ဖမ်းဆီးခံရ

2021.08.23
သမိုင်းမြို့သစ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူငယ်လေးဦး ဖမ်းဆီးခံရ ရန်ကုန်မြို့၊ သမိုင်းမြို့သစ်၊ ရွှေဝါထွန်းလမ်းထဲမှာ ၂၀၂၁ သြဂုတ် ၂၃ ရက်နေ့မနက်က စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ်
Photo: CJ

ရန်ကုန်မြို့၊ သမိုင်းမြို့သစ်၊ အမှတ် ၁ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းထဲက နေအိမ်တစ်ခုကို ဩဂုတ်လ ၂၃ ရက် ဒီနေ့ မနက် ၉ နာရီခွဲကျော်ခန့်က စစ်ကောင်စီဩဇာခံ စစ်သားနဲ့ရဲတွေ ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူငယ်လေးဦးကို ဖမ်းသွားတယ်လို့ အနီးအနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီကိုသတင်းပေးတဲ့ ဒလန်ဆိုသူအပါအဝင် အိမ်စီးကားနဲ့ လမ်းထဲကို အရင်ဆုံးဝင်ရောက်လာပြီး လမ်းကို အရှေ့အနောက်ပိတ်ချလိုက်ကြောင်းနဲ့ အဲဒီနောက်မှာမှ စစ်ကားငါးစီးနဲ့ ရဲနဲ့စစ်သားတွေ ရောက်လာ ပြီး အပြန်အလှန်ပစ်ခတ်ကြတာလို့ သမိုင်းမြို့သစ်ဒေသခံက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် သေဆုံးတာမရှိပေမယ့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ အိမ်ပေါ်က လူငယ် အမျိုးသား လေးယောက်ကို စစ်ကောင်စီဘက်က ဖမ်းသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဩဂုတ်လ ၂၂ ရက် မနေ့မနက်ပိုင်းက ဘုရင့်နောင်တံတားပေါ်မှာ ရဲတစ်ဦး သေဆုံးတဲ့ ပစ်ခတ်မှုနဲ့ဆက်စပ်ပြီး ရောက်လာကြတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားကြပေမယ့် အရပ်ဝတ်နဲ့ ကင်းပုန်းချခဲ့တာတွေ ကို တွေ့ရတယ်လို့ ရွှေဝါထွန်းလမ်းနဲ့ အနီးဆုံးမှာနေထိုင်တဲ့ ဒေသခံက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။