ခင်ဦးမြို့က NLD ပါတီ တိုင်းလူငယ် ဦးချမ်းမြေ့အောင် အဖမ်းခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ တိုင်းလူငယ်အဖွဲဝင် ဦးချမ်းမြေ့မောင်ကို စက်တင်ဘာလ ၃၀ ရက် ဒီနေ့နေ့လယ် ၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးချမ်းမြေ့မောင်ဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့သူဖြစ်ပြီး ခင်ဦး မြို့ပေါ်မှာ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
“သူ့လက်ဖက်ရည်ဆိုင်ကို ဒီကာလထဲမှာပဲ စစ်ကောင်စီတပ်သားတွေ လာထိုင်လေ့ရှိတယ်၊ ပြီးရင် ငါတို့က ဆန္ဒပြသူတွေကို ဖမ်းတာမဟုတ်ဘူးတို့၊ ဆန္ဒပြသူတိုင်းသာဖမ်းမယ်ဆိုရင် ခင်ဦးမြို့ကြီးကို သံဆူးကြိုးခတ် ပြီး ထောင်ချထားလိုက်ရုံပဲ၊ ငါတို့က လက်နက်ကိုင်တော်လှန်တဲ့သူပဲဖမ်းတာလို့ မကြာခဏ ပြောပြော သွားကြတယ်၊ အခု ဘာလို့ဖမ်းသွားလဲ သေချာမသိသေးဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ တိတိကျကျမသိရသေးဘူးလို့ ဦးချမ်းမြေ့အောင်နဲ့ နီးစပ်တဲ့သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။