ကလေးမြို့သပိတ် ဖြိုခွင်းခံရပြီး လူ ၁၂ ဦး ဖမ်းဆီးခံရ

2021.08.26
ကလေးမြို့သပိတ် ဖြိုခွင်းခံရပြီး လူ ၁၂ ဦး ဖမ်းဆီးခံရ ကလေးမြို့မှာ ၂၀၂၁ သြဂုတ် ၂၆ ရက်နေ့က သပိတ်စစ်ကြောင်း ဖြိုခွင်းမခံရခင် ဆန္ဒပြသူတွေကို တွေ့ရစဉ်။
Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ်လ ၂၆ ရက် ဒီနေ့မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဖြိုခွင်း ခံရပြီး လူ ၁၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အမျိုးသမီး ရှစ်ဦး၊ အမျိုးသား လေးဦးဖြစ်ပြီး အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးအချို့လည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက်က အောင်မြေမာန်ရပ်ကွက်မှာ ပြုလုပ်တဲ့သပိတ်စစ်ကြောင်းကို သေနတ်ကိုင်ထားတဲ့ အရပ်ဝတ် တွေ အပါအဝင် ရဲ၊ စစ်သား အင်အား ၅၀ ခန့်က ကားလေးစီးနဲ့ ရောက်လာပြီးတော့ လမ်းတွေကို ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီးတာကြောင့် နီးစပ်ရာအိမ်တွေကို ဝင်ရောက်တိမ်းရှောင်ကြတဲ့ ဆန္ဒပြသူတွေကို အဲဒီနေအိမ်တွေ အထိပါ ဝင်ရောက်ဖမ်းဆီးခဲ့သလို လမ်းပေါ်သွားလာနေတဲ့ အရပ်သားအချို့ကိုလည်း ဖမ်းဆီးပြီး ဆိုင်ကယ် ငါးစီးခန့်ကိုပါ သိမ်းယူသွားတယ်လို့ ဆန္ဒပြသပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ လက်ရှိမှာ ကလေးမြို့ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြိုမှာ သြဂုတ် ၂၅ ရက် မနေ့ကလည်း အောင်သစ္စာရပ်ကွက်က နေအိမ်တစ်ခုမှာ ဝိုင်းဖွဲ့စားသောက်နေ ကြတဲ့ လူငယ် ၁၀ ဦးကျော်ကို စစ်တပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားသလို ညပိုင်းမှာ မြို့မရဲစခန်းအနီး က နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အထိ စစ်ကောင်စီရဲ့လက်ချက်နဲ့ သေဆုံးသူ ၄၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ခန့်ရှိပြီလို့ ဆန္ဒပြ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။