ဂန့်ဂေါမြို့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်သားတွေအဓမ္မယူနေတယ်လို့ဆို

2022.06.26
ဂန့်ဂေါမြို့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်သားတွေအဓမ္မယူနေတယ်လို့ဆို ဂန့်ဂေါမြို့နယ်ရှိ ဘုန်းကြီးကျောင်းများအား စစ်ကောင်စီတပ်ဖွဲ့မှ ပစ္စည်းများမွှေနှောက်ခဲ့သည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ပနန်း၊ စံပယ်၊ စင်ပုံနဲ့ ယင်းမာ စတဲ့ရွာတွေထဲ ပြီးခဲ့တဲ့ ဇွန်လ ၁၉ နဲ့ ၂၀ ရက်တွေက စစ်သားတွေရောက်လာပြီး ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ် တွေကနေ ဆန် ရိက္ခာ၊ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေကို အဓမ္မ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပနန်းရွာနဲ့ စံပါယ်ရွာ၊ ညနေပိုင်းမှာ စင်ပုံရွာနဲ့ ယင်းမာရွာ တွေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီး စင်ပုံရွာ ဆရာတော်ဆီက ပိုက်ဆံတွေကိုပါ အဓမ္မ ယူသွားကြတယ်လို့ ဒေသခံ ဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။

"သူတို့က ဘုရားတွေပါ မလျှောက်တော့ဘူး။ ဘုန်းကြီးအခန်းသော့က ဘယ်မှာတုန်းတဲ့။ အဲဒါသော့ပေးလိုက်ရတယ်။ အခန်းထဲကို ဝင်မွှေတဲ့အချိန်မှာ စစ်ဘေးရှောင်တွေက ဘုန်းကြီးဆီ အပ်ထားတဲ့ ရွှေ၊ ငွေတွေ၊ ဘဏ်စာအုပ်တွေ၊ ဘုန်းကြီးငွေတွေပါ ပါတယ် ပေါ့နော်။ ဘုရားငွေတွေပါ အကုန်လုံး ပါသွားတယ်ပေါ့။ ဆရာတော်ကြီးကတော့ တော်ပြီ တအားရိုင်းစိုင်းလွန်းတယ်တဲ့၊ ကြမ်းလွန်းတယ်တဲ့ သူတို့ကို နောက်ထပ်မတွေ့ချင်တော့ ဘူးဆိုပြီး သူလည်း တခြားနေရာ ပြေးတယ်ပေါ့လေ"

စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၉ ရက်ညပိုင်းမှာ စင်ပုံရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ပြီး နောက်နေ့မှာတော့ ပနန်းရွာနဲ့ စံပယ်ရွာတို့ကို ဝင်ရောက်ခဲ့တယ်လို့ အဲဒီဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

စစ်သားတွေက ဒေသခံရွာသားတွေကို ကန်ကျောက်တာ၊ ရွှေ၊ ငွေ လက်ဝတ်လက်စားတွေ ချွတ်ခိုင်းတာတွေပါ လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီး တစ်ယောက်ကလည်း သူကြုံတွေ့ရတာကို ပြောပြပါတယ်။

"အပြင်တွေထွက်ခိုင်း တန်းစီပြီးမှ ခေါင်းငုံ့ အကုန်မြေပြင်ပေါ် ခေါင်းငုံ့ခိုင်းထားပါတယ်။ သေနတ်နဲ့လည်း ချိန်ထားပါတယ်ရှင့်။ ခြေထောက်မစွမ်းတဲ့သူတွေရော အကုန်လုံးကို သွေးတွေထွက်နေအောင် ကန်ပါတယ်။ နောက်ပြီး ကျမရဲ့ နားကပ်ကိုလည်း အတင်း အဓမ္မ ချွတ်ခိုင်းပါတယ်ရှင့်။ ကျမတို့ စစ်ဘေးရှောင်တွေ သိမ်းထားတဲ့ ရွှေစတွေ ငွေစ တွေကို သိမ်းကြုံးပြီး ယူဆောင်သွားပါတယ်ရှင့်"

ခုလို ရွာသားတွေဆီကနေ အဓမ္မသိမ်းယူခံလိုက်ရတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်း တန်ကြေး ဘယ်လောက်ရှိတယ်ဆိုတာတော့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရွာလေးရွာက ဒေသခံ ၁၅၀၀ ကျော်နဲ့ ဆရာတော်တို့လည်း ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

ဒီဖြစ်စဉ်တွေမတိုင်ခင်ကဆိုရင် မြစ်သာဆည်ဘေးမှာရှိကြတဲ့ ပနန်းရွာမှာ လူဦးရေ ၆၀၀ ကျော်၊ စံပယ်ရွာမှာဆိုရင် လူ ၅၀၀ ကျော်၊ စင်ပုံရွာမှာ လူ ၄၀၀ ကျော်နဲ့ ယင်းမာရွာမှာ လူ ၃၀၀ ကျော်တို့ အေးအေးချမ်းချမ်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကလည်း စံပယ်၊ စင်ပုံ၊ ယင်းမာ၊ ပနန်း အဲဒီရွာလေးရွာကို စစ် ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၅၀၀ ကျော် အိုးအိမ်စွန့် ခွာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။