ရှစ်လအတွင်း စစ်ကောင်စီ တပ်သား ၈၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

2022.02.17
ရှစ်လအတွင်း စစ်ကောင်စီ တပ်သား ၈၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြဖို့ စုဝေးနေတဲ့ လူစုလူဝေးကို ဖြိုခွင်းဖို့ စစ်ကောင်စီတပ်သားတွေ စောင့်ဆိုင်းနေခဲ့ကြစဉ်
Photo-AFP

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက် ကနေ အခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ၈ လကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃၅၄ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၈၉၆ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်းမီဒီယာပေါင်း ၄၀ နဲ့ မြေပြင်က တိုက်ရိုက်ရတဲ့ သတင်းအချက်အလက်တွေကို လေ့လာစုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

တပ်မ တစ်ခုရဲ့ စစ်ထွက်အင်အားဟာ ပုံမှန် ၈၀၀ ခန့်သာရှိလို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက်က များနေပြီလို့ ပြောနိုင်ကြောင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ တပ်မတော်သားတွေကပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးမှု ၈၀၀၀ ကျော်ဆိုတဲ့ ပမာဏက တပ်မ ၁၀ ခု စာ ရှိပါတယ်။

အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM နဲ့ တပ်မတော်ကနေ နှုတ်ထွက်လာသူတွေရဲ့ ပြောဆိုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ လက်နက်တပ်ဆင်ထားတဲ့ တပ်၊ ရဲ၊ မီးသတ် တပ်ဖွဲ့ဝင် အင်အား ငါးသိန်းရှိတာကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရသူ အရေအတွက်ဟာ စစ်တပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်စုစုပေါင်းအင်အားရဲ့ ၂ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် ဇွန်လ ၁ ရက်နေ့ကနေ အခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်အထိ အရပ်သားသေဆုံးသူက ၁၆၉၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၉၈၅ ဦးရှိတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သားတွေကတော့ ၄၈၄၇ ဦးအထိရှိနေတယ်လို့ အဲ့ဒီစာရင်းမှာ ဖော်ပြပါတယ်။

NUG ရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့  စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။