စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်မှုလုပ်ရတာကြောင့် ရုံးချိန်းမလာနိုင်

2021.12.23
စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်မှုလုပ်ရတာကြောင့် ရုံးချိန်းမလာနိုင် (NLD) အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ကို တွေ့ရစဉ်
ဓာတ်ပုံ - ဦးစိုးဝင်း - ဖေ့စ်ဘွတ်

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း အူမကြီးကင်ဆာနဲ့ ဆေးရုံတက် ခွဲစိပ်ကုသခံနေရတာကြောင့် နေပြည်တော်က ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ ဒီဇင်ဘာလ ဒုတိယပတ်လောက် ကတည်းက နေပြည်တော် အချုပ်ထောင်ကနေ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ကုသ နေရတာဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ မနေ့မှာ ခွဲစိတ်ကုသခဲ့ရတာ ဖြစ်ပါတယ်။

"အန်ကယ် ဦးစိုးဝင်း က ဆေးရုံတက်တာ အော်ပရေးရှင်း (အရေးပေါ်ခွဲစိတ်မှု) လုပ်ထားပြီးသွားပြီ၊ သူ မလာတော့ ဒီနေ့ ရုံးချိန်းက မစစ်ဖြစ်ဘူးပေါ့၊ အူမကြီးကင်ဆာလို့ ပြောတယ်" လို့ တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

ဦးစိုးဝင်းဟာ NLD အစိုးရရဲ့ စီးပွားရေးကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့အမှုဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာနဲ့ စက်မှုဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့နဲ့အတူ ပူးတွဲစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အဲဒီအမှုအတွက် နေပြည်တော်က အထူးတရားရုံးမှာ ဒီဇင်ဘာလ ၂၃ ရက်၊ ဒီနေ့ ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံရသူ ငါးဦးအနက် ဆေးရုံတင်ထားရတဲ့ ဦးစိုးဝင်းက မတက်ရောက်နိုင်တာကြောင့် ရုံးချိန်းကို နောက်တစ်ပတ် ဒီဇင်ဘာ ၃၀ ရက် ကြာသပတေးနေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ ဦးစိုးဝင်းဟာ NLD ပါတီရဲ့ စီးပွားရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကစလို့ NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။