ကျောက်မျက်ရန်ပုံငွေထဲက ရယူခဲ့ခြင်းမရှိဟု ဦးစိုးသိန်းပြောကြား

သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း ကို တွေ့ရစဉ်
သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း ကို တွေ့ရစဉ် (Photo: RFA)

0:00 / 0:00

ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၅ သန်းကို ရယူထားခြင်းမရှိကြောင်းနဲ့ ယူတယ်လို့ စစ်ဆေးတွေ့ရှိရင် သေဒဏ်ပေးနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တစ်ဦးက ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားစာထဲမှာ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ဒေါ်လာ ၅ သန်း ပေးခဲ့ကြောင်း ခေါင်းစဉ်နဲ့ပါဝင်နေ တဲ့အပေါ် မေးမြန်းရာမှာ ဦးစိုးသိန်းက ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားစာထဲမှာ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ကျောက်မျက်အသင်း ဥက္ကဌ ဦးရုံးမူနဲ့ မန်နေဂျင်းဒါရိုက်တာတို့က ပေးခဲ့တာဖြစ်ကြောင်း အဲ့ဒီငွေတွေဟာ ဝန်ကြီးဌာနပိုင်ငွေ မဟုတ်တဲ့အတွက် သုံးစွဲခွင့်မရှိကြောင်း၊ အဂတိလိုက်စားမှုမြောက်ကြောင်း ပါရှိပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ပေးတာမရှိခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်တွေဆီကနေ ၂ဝဝ၉ ခုနှစ်ကစပြီး ဒီနှစ်အထိ တစ်ရာခိုင်နှုန်း အခွန်ကောက်ခံရရှိငွေထဲ က နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ကို ပေးရတဲ့ ငွေကြေးအပါ အဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန်ကို ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေရန်နဲ့ ပါတီ ရဲ့ နိုင်ငံရေးပုံရိပ်ထိခိုက်အောင် မမှန်မကန်ရေးသားဖော်ပြခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်က တာဝန်ရှိ သူတွေ၊ ထပ်မံပြီးမမှန်မကန်ဖော်ပြခဲ့တဲ့ မက်ဆင်ဂျာ ဂျာနယ်ကတာဝန်ရှိသူတွေနဲ့၊ သက်သေအထောက်အထား ခိုင်လုံတိကျမှုမရှိဘဲ မဟုတ်မမှန်ရေးသားတိုင်ကြားခဲ့တဲ့ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးကျော်ကျော်ဦးနဲ့ နောက်ကွယ်ကနေ အစီအစဉ်ရှိရှိ ကြိုးကိုင်ဆောင်ရွက်ခဲ့သူတွေကို ဥပဒေနှင့်အညီ အရေးယူနိုင်အောင် ဆောင်ရွက် သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

ဒါကြောင့် တရားစွဲခံရမယ့်သူအဖြစ်ဖော်ပြခံရတဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးကျော်ကျော်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။