စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အဖွဲ့ ရုရှားကိုသွားရောက်

အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ရှရှားနိုင်ငံမှာကျင်းပ နေတဲ့ International Army Games - 2021 ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ဖို့ စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်း နေပြည်တော်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး General Kuzhugetovich Shoigu ရဲ့ ဖိတ်ကြားချက်အရ International Army Games-2021 ပိတ်ပွဲအခမ်းအနားကို တက်ရောက်ပြီးရင် ရုရှားနိုင်ငံရဲ့ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တဲ့အပြင် အထင်ကရနေရာတွေကိုလည်း သွားရောက်လေ့လာမယ်လို့ စစ်ကောင်စီက ဒီကနေ့မနက်ပိုင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနဲ့ အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင်တွေဟာ ရုရှားနိုင်ငံကို မကြာခဏသွားရောက်ကြပြီး အဲဒီခရီးစဉ်တွေအတွင်း မှာပဲ စစ်လက်နက်ပစ္စည်းဝယ်ယူတာတွေရှိနေပါတယ်။
သြဂုတ်လ ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိပြုလုပ်တဲ့ Army 2021 ရုရှားလက်နက်ပြပွဲကိုလည်း စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ခဲ့ပြီးနောက် လေကြောင်း ရန် ကာကွယ်ရေးစနစ် လက်နက်တွေအပါအဝင် ဒေါ်လာသန်းနှစ်ထောင်ကျော်ဖိုး ရုရှားထံက ဝယ်ယူခဲ့ ပါတယ်။
ရုရှားကာကွယ်ရေး ဒု-ဝန်ကြီး Alexander Fomin က မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက် မယ်လို့ အဲဒီလက်နက်ပြပွဲအတွင်းမှာပဲ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကို ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၀ က ၂၀၂၀ အထိ ဆယ်နှစ်အတွင်း ရုရှားတိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဒုံးခွင်းယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေကို တောက်လျှောက် ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်စကိုမြို့မှာ ဇွန်လ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိကျင်းပခဲ့တဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ခဲ့ပါတယ်။