အခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ SNLD ပြော


2013.12.24
u-khun-tun-oo-b305 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး
RFA

မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ”

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ  ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား အင်အားကြီးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် SNLD ပါတီအနေနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။