စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်ဖို့ SNLD ပါတီ ဆုံးဖြတ်
2023.03.18

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မတ်လ ၁၆၊ ၁၇ ရက် နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်တာလို့ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
“ပထမအချက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျကြေညာထားတာမရှိသလို ကျွန်တော်တို့ဘက်ကလည်း ဒီအပေါ်မှာ ယုံကြည်ရလောက်အောင် ဘယ်လို အရင်းအမြစ်မှရှာလို့မရဘူး။ ဒုတိယအချက်ကတော့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သင့် မသင့်ဆိုတာက ပါတီဝင်ထုကို ဆင်းပြီး မေးမြန်းရမယ်၊ သဘောထားကောက်ယူရမယ်။ အဲ့လိုကောက်မယ်ဆိုရင် ကျွန်တော်တို့ ပါတီဝင်ထုတွေ ရှိတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ် အစရှိတဲ့ နယ်ဒေသအသီးသီးကို ဆင်းဖို့အတွက် လုံခြုံရေးအကန့်အသတ်ရှိတယ်။ ဒါကြောင့်မို့လို့ အချိန်အားဖြင့်လည်း မလုံလောက်ဘူး။ ဒီအချက်နှစ်ချက်ကြောင့် ဆက်လက်ပြီး ပါတီမှတ်ပုံတင်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ဆုံးဖြတ်ရတာဖြစ်ပါတယ်။”
စစ်ကောင်စီ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံမတင်ရင် ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိတော့မှာမဟုတ်ဘဲ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။
SNLD ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲမဟုတ်တဲ့ တခြားနည်းလမ်းတွေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
“ပါတီတစ်ခုဆိုတာ ရွေးကောက်ပွဲတစ်ခုတည်းအတွက် ရပ်တည်တာမဟုတ်ဘူး၊ ရွေးကောက်ပွဲတစ်ခုတည်းအတွက် ရည်မှန်းပြီး လုပ်ဆောင်နေတာမဟုတ်လို့ နဂိုမူလရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက်က နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်လုပ်လို့ရမယ်လို့ ယုံကြည်တယ်၊ မျှော်လင့်တယ်၊ ဒါကြောင့် ရွေးကောက်ပွဲ နည်းနာမဟုတ်သော တခြားနည်းလမ်းနဲ့ ဆက်လက်ရပ်တည်သွားမယ်။”
SNLD ပါတီဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာ ၁၂၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြီးရင် တတိယ မဲအများဆုံး အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီကြီးလည်း ဖြစ်ပါတယ်။
မတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်တဲ့ ပါတီ ၂၇ ပါတီရှိနေပြီး အဲဒီထဲမှာ ပြည်ထောင်စုအဆင့် မှတ်ပုံတင်တာက ခုနစ်ပါတီ၊ တိုင်းနဲ့ပြည်နယ်အဆင့် မှတ်ပုံတင်တဲ့ပါတီက ၂၀ ရှိပြီဖြစ်ပါတယ်။