ကျူးကျော်နေအိမ် ဖျက်သိမ်းသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာက ရွာသားတွေဟာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ် မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက ကံကြီးကုန်း စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတော်သမ္မတဆီ စာတင်လိုက်တယ်လို့ သိရပါတယ်။

2012.09.24
u-wirathu-house-demolish-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း စိတ္တသုခ ဘုန်းတော်ကြီးကျောင်း သတင်းစာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီရသူ မိန့်ကြားနေစဉ်။
RFA

အခမ်းအနားမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ရတာနဲ့ ပတ်သက်ပြီး ဆရာတော်က အခုလိုမိန့်ကြားပါတယ်။

"အစိုးရအနေနဲ့ အမိန့်အာဏာနဲ့ ဝင်ရောက်ကိုင်တွယ်လို့ ရနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ရမဲ့ကိစ္စ ဖြစ်နေပါတယ်။ ဒါကြောင့် ဟိုးအရင်ခေတ်တုန်းကလို အမိန့် အာဏာနဲ့ ပြဿနာဖြေရှင်းတာ ဦးပဉ္စင်းတို့က မလိုလားဘူး။ ပညာသားပါပါ ဥပဒေနဲ့ ဖြေရှင်းဖို့ကိုပဲ လိုလားပါတယ်။ ဦးပဉ္စင်းတို့လည်း ဗုဒ္ဓဘာသာခေါင်းဆောင်တွေပါပဲ။ နိုင်ငံတော်အစိုးရကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အခုနစ်နာသူတွေကို ကြည့်ရင်လည်း ဗုဒ္ဓဘာသာဝင်တွေ များပါတယ်။ ဗုဒ္ဓဘာသာဆိုတာ လူ့ရဲ့အသက်ကို တန်ဖိုးထားသလို၊ လူ့ဘဝကိုတန်ဖိုးထားပါတယ်။ အဲဒီလိုပါပဲ။ ဦးပဉ္စင်းတို့ နိုင်ငံသွားနေတဲ့ စနစ်ဟာ ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီမှာ လူ့အခွင့်အရေးဆိုတာ လူသားတွေ တန်ဖိုးထားတဲ့ စနစ်ဖြစ်တယ်။ အဲဒီတော့ ဘာသာကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ လူ့အသက်ကိုတန်ဖိုးထားတယ်။ ဒီမိုကရေစီစနစ်ကလည်း လူ့အခွင့်အရေးကို တန်ဖိုးထားတယ်။ ဒါဆိုလို့ရှိရင် လူသားတွေကို ခွေးမောင်းချသလို မောင်းချတာ မလုပ်သင့်ပါဘူး"

ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေသခံ ဖယ်ရှားခိုင်းခံရသူတွေ အသီးသီးကလည်း သူတိုရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြရာမှာ ပေးစရာငွေမရှိလို့ နေအိမ်ဖယ်ရှားပေးဖို့ မဖြစ်နိုင်ဘဲ အသက်အသေခံပြီးတော့သာ ခုခံကာကွယ်သွားကြမယ်လို့ ပြောကြပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို ညနေ ၄ နာရီခွဲကနေ ၆ နာရီအထိ ကျင်းပခဲ့ပြီး လုံခြုံရေးဆိုင်ရာ အဖွဲ့တွေက မှတ်တမ်းရေးယူကြတာကလွဲပြီး အနှောင့်အယှက် တစုံတရာ မပေးခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။