ဒဂုံမြို့သစ်တောင်ပိုင်းက ကျူးကျော်နေအိမ်တစ်ရာကျော်ကို တစ်လအတွင်းဖယ်ရှားခိုင်း

ဒဂုံမြို့သစ်တောင်ပိုင်းက ကျူးကျော်အိမ် ၁၃၀ ကျော်ကို တစ်လအတွင်းဖယ်ရှားပေးဖို့ စစ်ကောင်စီရဲ့ ပူးပေါင်းအဖွဲ့တွေက ဇွန် ၂၃ ရက်နေ့မှာ အကြောင်းကြားထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဖယ်ရှားခိုင်းထားသည့် ကျူးကျော်နေအိမ်တချို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၆) ရပ်ကွက်နဲ့ (၇၀) ရပ်ကွက်က ကျူးကျော်နေအိမ် ၁၃၀ ကျော်ကို တစ်လအတွင်းဖယ်ရှားပေးဖို့ စစ်ကောင်စီရဲ့ ပူးပေါင်းအဖွဲ့တွေက ဇွန်လ ၂၃ ရက်နေ့မှာ အကြောင်းကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စည်ပင်ပိုင်မြေဆိုပြီး လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်၊ ရဲ၊ စည်ပင်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးစုပေါင်းအဖွဲ့က စာနဲ့ အကြောင်းကြား လာတာလို့ ဆိုပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အဲဒီမြေနေရာတွေဟာ စည်ပင်ပိုင်မြေမဟုတ်သလို အရပ်သားအစိုးရလက်ထက်က မြေနေရာပြန်ပေးဖို့ စီစဉ်ထားတဲ့ နေရာတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"စည်ပင်ပိုင်တာတော့ မဟုတ်ဘူးပေါ့။ သူတို့အပိုင်မြေတွေကတော့ ဝယ်ထားတဲ့သူတွေ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ခေတ်ကတည်းက နေရာတွေတောင်ပြန်ချပေးဖို့ အစီအစဉ်တွေရှိတယ်။ အခုမှ အကုန်လုံးကိုဖျက်ခိုင်းတာ"

ဖယ်ရှားခိုင်းတဲ့နေအိမ်တွေကို အရပ်သားအစိုးရလက်ထက်ကတည်းက နေရာပြန်ချပေးဖို့ Smart Card တွေ ထုတ်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ပြည်နယ် အသီးအသီးမှာရှိတဲ့ ကျူးကျော်တွေကို စစ်ကောင်စီတပ်က အင်အားသုံးဖယ်ရှားတာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org