မှော်ဘီမြို့နယ် လေတပ်အနီးက အိမ်ခြေနှစ်သောင်းကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားခိုင်း

RFA Burmese
2023.12.11
မှော်ဘီမြို့နယ် လေတပ်အနီးက အိမ်ခြေနှစ်သောင်းကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားခိုင်း မှော်ဘီမြို့ တစ်နေရာအား ၂၀၂၁ ခုနှစ်၊ သြဂုတ် ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် လေတပ်ဆွယ် (မှော်ဘီ) အနီးမှာရှိတဲ့ ကျေးရွာအုပ်စုငါးစုကို တပ်ပိုင်မြေဆိုပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က ရက်ကိုးဆယ်အတွင်း ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝါးပတော၊ အင်ကြင်းကုန်း၊ ကုလားကုန်း၊ မြောင်းတကာနဲ့ လှည်းငုတ်ချောင်းအုပ်စုတွေကို ဖယ်ရှားခိုင်းတာဖြစ်ပြီး စုစုပေါင်း အိမ်ခြေ နှစ်သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အိမ်ခြေ အရေအတွက်အတိအကျကိုတော့ ဒေသခံတွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မှော်ဘီမြို့နယ်စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်ထဲမှာ မြေပြင်စက်ပစ်ကွင်း တပ်ပိုင်မြေ ဧက နှစ်သောင်းကျော် (၂၀၂၉ ဒသမ ၇၄) မှာ တရားမဝင် ကျူးကျော် နေထိုင်သူအားလုံး ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် ဥပဒေအရ ဖယ်ရှားရှင်းလင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ အရင် စစ်တပ်ကအသုံးပြုတဲ့နေရာ ဖြစ်ပေမယ့် အသုံးမပြုတော့တာ ကြာပြီဖြစ်တာကြောင့် အဆင့်ဆင့်လက်လွှဲ ရောင်းချသူတွေထံကနေ မြေကိုဝယ်ယူနေထိုင်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်ကတည်းက လေယာဉ်ဗုံးကြဲတဲ့ နေရာကြီးပေါ့။ ဒါပေမဲ့ အသုံးမပြုတာ နှစ်ပေါင်း သုံးဆယ်လောက် ကြာသွားပြီလေ။ အသုံးမပြုတာ ကြာသွားပြီဆိုပြီး ကျွန်တော်တို့က ဝယ်လိုက်တာ”

သူကတော့ လွန်ခဲ့တဲ့ငါးနှစ်က အလျားပေ (၁၃၀) နဲ့ အနံပေ (၁၅၀) အကျယ်အဝန်းရှိတဲ့ မြေကွက်ကို ကျပ်ငွေသိန်းသုံးဆယ်နဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

အဲဒီအုပ်စုငါးစုမှာ နေထိုင်တဲ့ ဒေသခံတွေကို ရက်ကိုးဆယ်အတွင်းရွှေ့ဖို့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အသိပေးလာတာရှိသလို အိမ်တွေကိုလည်း အကြောင်းကြားစာ ပို့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ နေ့ကလည်း စစ်ကားသုံးစီးနဲ့ ကျေးရွာအုပ်စုတွေကို လှည့်လည်ပြီး အသိပေးစာလိုက်ကပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနေရာမှာ နေထိုင်သူတွေဟာ အရင်နှစ်အတော်ကြာကြာကတည်းက နေထိုင်ခဲ့သူတွေထံကနေ အဆင့်ဆင့် ပြန်လည်ဝယ်ယူ နေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ကျူးကျော်လို့စွပ်စွဲပြီး ဒေသခံတွေကို နေအိမ်တွေကနေ ဖယ်ရှားခိုင်းတာတွေ မကြာခဏဖြစ်နေတာပါ။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရတဲ့ အဆောက်အအုံ ၁၆,၀၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။