ဒဂုံဆိပ်ကမ်းက ကျူးကျော်နေထိုင်သူအချို့ ဖယ်ရှားဖို့ ဖိအားပေးခံနေရ

RFA Burmese
2023.12.25
ဒဂုံဆိပ်ကမ်းက ကျူးကျော်နေထိုင်သူအချို့ ဖယ်ရှားဖို့ ဖိအားပေးခံနေရ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်၊ ရွှေစောင်းတော်လမ်းမှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်
Citizen Journalist

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်၊ ရွှေစောင်းတော်လမ်းမှာရှိတဲ့ နေအိမ် ၁၆ လုံးကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေးပြောဆိုနေတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

ရွှေစောင်းတော် လမ်းမတန်းက နေအိမ် ၁၄ လုံးနဲ့ အနောက်ဘက်က နေအိမ်နှစ်လုံးကို အခုရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သတိပေးနေ တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖျက်ခိုင်းတဲ့ ကျူးကျော်အိမ်တွေက အရင် ၂၀၁၆ တုန်းက ကျူးကျော်သက်သေခံ ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ အခုနေအိမ်တွေမှာ နေတဲ့သူတွေကို တစ်အိမ်ဆင်းတစ်အိမ်တက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက နေရာကနေ ဖယ်ပေးဖို့ပြောနေတာတွေရှိတယ်”

အရင်က ဖျက်ပေးရမယ့် နေအိမ် ၂၇ လုံးရှိတဲ့အနက် နေအိမ် ၁၁ လုံးကတော့ ပြီးခဲ့တဲ့လတွေမှာပဲ ဖိအားပေးတာကြောင့် ဖျက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၂ နေ့ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ကျူးကျော်နေထိုင်သူတွေကို အစည်းအဝေးခေါ်ခဲ့ပြီး အဲဒီနေရာနေ ဖယ်ရှားပေးဖို့ အသိပေးခဲ့ပေမယ့် နေထိုင်သူတွေ ကတော့ မဖယ်ရှားနိုင်တဲ့အကြောင်း ပြောခဲ့တယ်‌လို့ ဒေသခံက ပြောပါတယ်။

အဲဒီနေရာမှာ နေထိုင်သူတွေထဲမှာ ဆယ်နှစ်ကျော်နေထိုင်လာခဲ့သူတွေလည်း ပါ၀င်ပြီး အခုနေရာဖယ်ရှားခိုင်းမှုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်ရဲ့ နေအိမ်အဆောက်အအုံ ဖျက်ခွင့် သတိပေးစာတွေလည်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးအသီးမှာရှိတဲ့ ကျူးကျော်တွေကို စစ်ကောင်စီတပ်က အင်အားသုံးဖယ်ရှားတာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

RFA ရဲ့ မှတ်တမ်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကျူးကျော်အဖြစ် စွပ်စွဲခံရပြီး ဖျက်ဆီးခံခဲ့ရတဲ့ အဆောက်အအုံ ၁၆,၅၃၆ လုံးထက်မနည်း ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။