လမ်းပန်းဆက်သွယ်ရေးနဲ့ ကျွမ်းကျင်လုပ်သားကိစ္စ စိန်ခေါ်မှုဖြစ်နိုင်

အာဆီယံ စီးပွားရေးအသိုင်းဝန်း Asean Economic Community နဲ့ အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့် အသိုက်အဝန်း AFTA အစီအစဉ် ကို လာမယ့် ၂၀၁၅ ခုနစ်မှာ စတင်တဲ့အခါ မြန်မာနိုင်ငံအနေ နဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှုနဲ့ ကျွမ်းကျင် လုပ်သား ရှားပါးမှုတွေက အဓိကစိန်ခေါ်မှု အခက် အခဲဖြစ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဌ ဦးအောင်မြင့်က ဒီနေ့ပြောပါတယ်။

အာဆီယံ စီးပွားရေးအသိုင်းဝန်း Asean Economic Community နဲ့ အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့် အသိုက်အဝန်း AFTA အစီအစဉ်ကို လာမယ့် ၂၀၁၅ ခုနစ်မှာ စတင်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှုနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေက အဓိကစိန်ခေါ်မှု အခက်အခဲဖြစ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဌ ဦးအောင်မြင့်က ဒီနေ့ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဒီကနေ့မနက်ပိုင်းကကျင်းပတဲ့ အာဆီယံ စီးပွားရေးအသိုင်းအဝန်း AEC ဆိုင်ရာ ဆွေးနွေးပွဲမှာ သူက ခုလိုပြောကြားခဲ့တာပါ။

“ရေလမ်းတို့၊ လေကြောင်းလမ်းတို့မှာ ပြဿနာမရှိပါဘူး၊ ကျနော်တို့ ကုန်းလမ်းအပိုင်းမှာဖြစ်တဲ့ ရထားလမ်းအပိုင်းနဲ့ ကားလမ်းအပိုင်းတွေမှာ အခက်အခဲရှိတာတွေ့ရပါတယ်၊ ပြောရမယ်ဆိုလို့ရှိရင် တော်တော်လေး အဲဒီအပိုင်းမှာ ရုန်းရမယ့်အခြေအနေရှိပါတယ်၊ အာဆီယံစီးပွားရေး ဖြစ်လာတာနဲ့အမျှ သူတို့ရဲ့ဝင်လာမယ့် ကျွမ်းကျင်လုပ်သားတွေကို တားဆီးလို့မရဘူး”

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကုန်းလမ်းဆက်သွယ်ရေးအတွက် ကားလမ်းစုစုပေါင်း အရှည် ၁၄၀၀၀ ကီလိုမီတာရှိပေမယ့် အဲဒီလမ်းတွေရဲ့ ၂၅ ရာခိုင်နှုန်းသာ ကတ္တရာလမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံရဲ့ သတ်မှတ်ချက်တွေအရလမ်းတွေကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၁ ကနေ ၄ အထိ ခွဲခြားသတ်မှတ်ထားပြီး၊ မြန်မာနိုင်ငံလမ်းတွေရဲ့ ၄၆ ရာခိုင်နှုန်းဟာ အဆင့် ၃ မှာသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံအချင်းချင်း သဘောတူညီမှုအရ အသင်းဝင်နိုင်ငံအားလုံးရဲ့ လမ်းတွေဟာ လာမယ့် ၂၀၂၀ ခုနစ်မှာ အဆင့် (၁) အဆင့်အထိ ရောက်ရှိစေရမယ်လို့ သဘောတူထားကြတာပါ။

မြန်မာနိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေးပမာဏကို ကြည့်ရင်လည်း လူဦးရေ ၃၆ သန်းလောက်ဟာ အလုပ်လုပ်နိုင်တဲ့အရွယ်မှာရှိနေပေမယ့် ကျွမ်းကျင်လုပ်သားရှားပါးတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအလိုက် အဆင့်သတ်မှတ်ချက်တွေ မရှိတာဟာ အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေအတွက် အားနည်းချက်ဖြစ်စေတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org