လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၆ ခု စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်အဖြစ် ကော်မတီတရပ်ကို ထိုင်းမြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ စတင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ် ။
-
2010-11-04 -
-
-
ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီလို့ အမည်ပေးထားတဲ့ အဲဒီကော်မတီကို တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့က ခေါင်းဆောင်တွေက ဖွဲ့စည်းတာဖြစ်ပြီး ၆ ဖွဲ့ထဲမှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်ထားကြတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ၊ NMSP မွန်ပြည်သစ်ပါတီ ၊ SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ ပါဝင်သလို ၊ စစ်အစိုးရနဲ့ လက်နက်ကိုင်တိုက်နေဆဲ KNU ကရင်အမျိုးသား အစည်းအရုံး ၊ KNPP ကရင်နီတိုးတက်ရေးပါတီ ၊ CNF ချင်းအမျိုးသား တပ်ဦးတို့လည်း ပါဝင်ကြောင်း သိရပါတယ် ။
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီမှာတော့ ဥက္ကဋ္ဌအဖြစ် KIO အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ ၊ ဒုဥက္ကဋ္ဌအဖြစ် KNU အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေဖိုး ၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်သစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် KNPP အဖွဲ့က ဦးရွှေမျိုးသန့်တို့နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ် ။
ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီအနေနဲ့ ဖယ်ဒရယ် တပ်မတော်တရပ် ဖွဲ့စည်းနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးက RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲအလွန် ကာလတွေမှာ စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်လာရင် အခု ဖွဲ့စည်းထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီပါ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ရေးအရ ဟန်ချက်ညီညီ ပူးပေါင်း လှုပ်ရှားသွားမယ်လို့လည်း သိရပါတယ်။