ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီနေ့မနက် ၃ နာရီကျော်လောက်က စွန့်ပစ်မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ဖားကန့်ဆေးရုံ ပို့ဆောင်ထားရပါတယ်။
မြေစာပုံကိုရှင်းလင်းရာမှာ ၅ ဦး အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ဆေးရုံပို့ဆောင်ချိန်မှာ တစ်ဦးက သေဆုံးခဲ့ တာဖြစ်တယ်လို့ ဆိပ်မူကျေးရွာအုပ်စု NLD ပါတီ ဥက္ကဌ ဦးရွှေသိန်းက ပြောပါတယ်။
"အားလုံး ဖော်ပြီးပြီ၊ မနက်က ဖော်ပြီးပြီ၊ မြေဖော်တဲ့အချိန်မှာ တစ်ခါတည်းပိပြီး ပွဲချင်းပြီး သေတာ ၅ ယောက်၊ ဆေးရုံပို့ရင်းလမ်းမှာ သေတာ ၁ ယောက် ဆိုတော့ ၆ ယောက်၊ အနည်းအကျဉ်း ဒဏ်ရာရတာ ၃ ယောက်ကတော့ ဖားကန့်ဆေးရုံကို တင်ထားပြီးပြီ"
ဝှေခါကျောက်စိမ်းလုပ်ကွက်က စွန့်ပစ်မြေစာပုံတွေမှာ ညနေ ၄ နာရီကနေ ၇ နာရီအထိ တစ်ကြိမ်နဲ့ မနက် ၄ နာရီကနေ ၇ နာရီအတွင်းတစ်ကြိမ် ရေမဆေးကျောက်ရှာဖွေသူတွေကို ဝင်ခွင့်ပြုထားတာဖြစ်ပြီး ဒီနေ့မနက် ဝင်ရောက်ရှာဖွေရာမှာ မြေစာပုံပြိုကျခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်မြို့နယ် မှော်မောင်းဘွမ်ရွာအနီးက ဂျိတ်လင်းန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံအဟောင်း ပြိုကျခဲ့တဲ့အတွက် ရေမဆေးသမား ၆ ယောက် သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။