ပေါက်မြို့နယ် ရွာသစ်ရွာတိုက်ပွဲမှာ လူခြောက်ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ အထိုင်ချထားတဲ့ ရွာသစ်ရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း လူခြောက်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားသူတွေက အသက် ၅၀ နဲ့ ၇၀ ကြားရှိတဲ့ ရွာသစ်ရွာသား တွေဖြစ်ပြီး သေနတ်ကျည်မှန် သေဆုံးတာ၊ လက်နက်ကြီးကျည်ထိမှန်တာ စတဲ့ ဘယ်လိုပုံစံနဲ့ သေဆုံးတယ်ဆိုတာကိုတော့ အသေးစိတ်မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုက ဖြစ်ခါစဆိုတော့ စောင့်ကြည့်နေကြတယ်။ သူတို့ကလည်း ရွာထဲမှာ ရှိနေတာ ဆိုတော့လေ မပြောရဲကြဘူး။ လူတွေသေတယ်လို့ပဲ ပြောရဲတာ။ ခြောက်ယောက် ကတော့ သေသွားတယ်"

အဲဒီရွာရဲ့ နေအိမ်တစ်ရာဝန်းကျင်ထဲက နေအိမ်သုံးဆယ်ဝန်းကျင်လည်း မီးရှို့ခံရတယ်လို့ သူကဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကတော့ ရွာသစ်ရွာဟာ စစ်တပ် အထိုင်ချထားသလို ပျူစောထီးအားကောင်းတဲ့ ရွာဖြစ်တယ်လို့ ပြောပါတယ်။

"စစ်တပ်ဘက်က အထိများတယ်။ ဒီဘက်က ထိခိုက်ဒဏ်ရာ ရတာလောက်တော့ရှိတယ်။ ရွာသစ်ရွာက စစ်တပ်အထိုင်ချထားပြီး ပြည်သူ့စစ် အမည်ခံပေါ့ ဒေသအခေါ် ပျူစောထီးပူးပေါင်းပြီး အထိုင်ချထားတာဗျ"

အဲဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက အနီးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ရွာသစ်ရွာတိုက်ခိုက်ခံရစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး၊ သက်ကြီးရွယ်ခြောက်ဦး သတ်ဖြတ်ခံရတယ်လို့ ဖော်ပြပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန် ပေါက်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၈ ရက်နေ့ကလည်း ပေါက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ရာက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။