ကိုဗစ်ကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန ခြောက်ခုကို ယာယီပိတ်
ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ် ကူးစက်ခံနေရလို့ ပြင်ပလူနာဌာန ခြောက်ခုကို ယာယီပိတ်ထားတယ်လို့ ဆေးရုံကြီးက ဖေဖော်ဝါရီလ ၁၁ နဲ့ ၁၄ ရက်နေ့တွေက ထုတ်ပြန်ပါတယ်။
အဲဒီဌာနတွေထဲက နှလုံးရောဂါကု ပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကနဲ့ အကြောအဆစ် အထူးကုဌာနကို ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ကစလို့ ၁၈ ရက်အထိ ပိတ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တခြားဌာနတွေဖြစ်တဲ့ အထွေထွေအထူးကု သမားတော်ဌာန၊ အစာအိမ်နဲ့ အူလမ်းကြောင်း ဆေးကုဌာန၊ ဟော်မုန်းရောဂါ အထူးကုဌာန တို့ကို ဒီနေ့ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ ၁၀ ရက်တာ ယာယီပိတ်ထားမှာဖြစ်ပြီး ဒီနေ့ စပိတ်တဲ့ ကင်ဆာ ဆေးကုဌာနကိုတော့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
အခြားအထူးကု ပြင်ပလူနာဌာနတွေနဲ့ အရေးပေါ်လူနာတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ကုသ ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှာ လူနာတွေ တန်းစီစောင့်ဆိုင်းရတာနဲ့ ကိုဗစ် ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ Viber၊ Messenger၊ Caremebot application က တစ်ဆင့် Online Booking စနစ်နဲ့ အသုံးပြုနိုင်ဖို့ကိုလည်း စီစဉ်ထားတယ်လို့ ကြေညာထားပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ နိုင်ငံတစ်ဝှမ်းမှာ ကိုဗစ် တစ်ကျော့ပြန် ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကဆိုရင် ပိုးတွေ့လူနာ ၁၅၈၆ ယောက်ရှိခဲ့တယ်လို့ စစ်ကောင်စီ ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။