လက်နက်ကြီးကြောင့် သိမ်ဇရပ်မြို့က ဒေသခံတစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

RFA Burmese
2023.01.10
လက်နက်ကြီးကြောင့် သိမ်ဇရပ်မြို့က ဒေသခံတစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ သိမ်ဇရပ်မြို့ သုံးခွရွာတွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တချို့အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွရွာကို ဇန်နဝါရီလ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ရှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦးသေဆုံးကာ ကလေးငယ်သုံးဦး အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး အသက်၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် သေဆုံးခဲ့တာပါ။ ဒီအပြင် အသက်ခုနစ်နှစ်အရွယ် ကိုထက်မြတ်လမင်း၊ အသက် ၁၁ နှစ်အရွယ် မနဒါအောင်၊ အသက် ၁၃ နှစ်အရွယ် ကိုသူရအောင်၊ အသက် ၁၈ နှစ်အရွယ် မရွှေစင်အောင်၊ အသက် ၃၈ နှစ်အရွယ် မအေးမာနဲ့ အသက် ၄၄ နှစ်အရွယ် ကိုစိုးမင်းအောင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို ကျိုက်ထိုမြို့ဆေးရုံကိုပို့ထားပြီး အဲဒီထဲက မရွှေစင်အောင်က ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရခဲ့တာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ သိမ်ဇရပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အကုန်လုံးကို ကျိုက်ထိုဆေးရုံ ပို့ထားပါတယ်။ မရွှေစင်အောင်ရဲ့ အခြေအနေက စိုးရိမ်ရတယ်။ သူက စထိကတည်းက တစ်ချက်တည်း ဝမ်းဗိုက်အထက်နားကိုထိတာ။ ပွင့်ထွက်သွားတဲ့ အခြေအနေပေါ့၊ ကျန်တဲ့ ငါးဦးကတော့ ပေါင်၊ ခြေထောက်၊ လက်တွေမှာ ဒဏ်ရာနည်းနည်းစီရကြတယ်။ အခုတော့ အကုန်စောင့်ကြည့်နေရတဲ့ အခြေအနေပါပဲ"

ဒီအပြင် လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်တွေကို စစ်ကောင်စီတပ်လက်အောက်ခံ သိမ်ဇရပ်အခြေစိုက် ခမရ-၂၀၇ က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းကို RFAက ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။