စစ်တွေဆန္ဒပြပွဲ ဦးဆောင်သူကို ငြိမ်းစုစီ ဥပဒေနဲ့ အမှုဖွင့်
2018.11.30

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မွတ်စလင် ပြန်လည်လက်ခံရေးနဲ့ ကမန်နိုင်ငံသားကတ်ကိစ္စကို ကန့်ကွက် ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ခွင့်ပြုချက်လျှောက်လွှာတင်ခဲ့သူ ဒေါ်အေးသီတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
ဆန္ဒပြပွဲမှာ အသေးစားစပီကာတစ်ခုကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မ-၂၀ နဲ့ အမှုဖွင့်ထားတယ်ဆိုတဲ့အကြောင်း စစ်တွေမြို့ အမှတ်(၂ )ရဲစခန်းမှူးက မနေ့က ပြောဆိုခဲ့တယ်လို့ ဒေါ်အေးသီတာက ပြောပါတယ်။
အမှုဖွင့်ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် တစ်စုံတစ်ရာ ဖြေရှင်းချက်တောင်းတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတာ၊ လက်ထောက်ကျောင်းဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာတွေကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ သံဃာတော်တွေနဲ့ ဒေသခံတွေက နိုဝင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။