စစ်တွေ သက္ကယ်ပြင်ဈေး မီးလောင်၊ ဆိုင်ခန်း ခြောက်ဆယ်နီးပါး ပျက်စီး
2024.05.24

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှာ မေလ ၂၃ ရက် ညနေပိုင်းက သက္ကယ်ပြင်ဈေး မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်း ခြောက်ဆယ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှတော့ သက္ကယ်ပြင်ဈေးထဲက ဖိနပ်ဆိုင်တစ်ခုရဲ့ ဆိုလာ အပူရှိန်လွန်ကဲရာကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တာလို့ ဖော်ပြပါတယ်။
အဲဒီဈေးမှာ ဆိုင်ခန်း တစ်ရာနီးပါးရှိပြီး သက္ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း အပါအဝင် ရွာအနီးနားကပါ အဲဒီဈေးကို အားထားရတဲ့ဈေးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲဒီဈေးက သက္ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကရော၊ အနီးနားရွာတွေကရော အဓိကထားနေရတဲ့ ဈေးတစ်ခုပေါ့၊ ရွာအနေနဲ့ပြောရင် ဈေးကြီးပဲ။ အဲဒီမှာ အရောင်းအဝယ် လုပ်ကြတယ်”
မီးစတင်လောင်ကျွမ်းတဲ့ ဖိနပ်ဆိုင်ပိုင်ရှင်ကို ဘယ်လိုအရေးယူထားလဲဆိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းဈေး ဝါယာရှော့ကတစ်ဆင့် မီးလောင်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း လေးရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကျောက်တံခါး ဒေသခံတွေက ပြောပါတယ်။