ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့ခွင့်ရရှိရေး စစ်တွေမှာ လူ ၅၀၀ ခန့် ဆန္ဒပြတောင်းဆို


2016.03.23
anp-supporters-620.jpg ရခိုင်အမျိုးသားပါတီ ANP ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့ခွင့်ရရှိရေးအတွက် မတ်လ ၂၃ ရက်နေ့က စစ်တွေမြို့ ဒေသခံ ၅ဝဝ ကျော် တောင်းဆိုဆန္ဒပြကြစဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ရရှိရေးကို ထောက်ခံကြောင်း ဒေသခံ ၅၀၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးအနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်တာကြောင့် ရခိုင်အစိုးရဖွဲ့ခွင့်ကို ANP ပါတီကသာ ရသင့်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ကိုမိုး က ပြောပါတယ်။

"ကျနော်တို့က ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာတော့ မဟုတ်ပါဘူး၊ ကျနော်တို့လိုချင်တာက ကျနော်တို့ ရခိုင်တွေပေးတဲ့ မဲဟာ ANP ကိုသာပေးတာဖြစ်ပါတယ်၊ ကျနော်တို့ အစိုးရကိုလည်း ANP သာ ဖြစ်စေချင်ပါတယ်၊ ဒါကြောင့် ကျနော်တို့ရခိုင်တွေက ANP ကိုသာ အစိုးရဖွဲ့စေချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ANP သာ ရခိုင်မှာ အနိုင်ရတာကြောင့်ဖြစ်ပါတယ်"

ဆန္ဒပြသူတွေက စစ်တွေမြို့လယ်က ဝင်္ကဘာကွင်းကနေ မြို့ကိုလှည့်ပတ်ပြီး ပြည်သူတွေရဲ့ဆန္ဒကို လေးစားကြဖို့နဲ့ တစ်ပါတီအာဏာရှင်စနစ်မဖြစ်စေဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ကိုယ်စားလှယ်ကို ခန့်အပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကိုလည်း ကန့်ကွက်ကြောင်း ပြောကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီရဲ့ ရပ်ကျေးပါတီဝင်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး  ပါတီကိုထောက်ခံအားပေးသူတွေ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။