စစ်တွေ မတည်ငြိမ်မှု ညမထွက်ရအမိန့် ထုတ်ပြန်
2014.03.27

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဂျာမနီနိုင်ငံက Malteser International လူမှုအဖွဲ့အစည်းရဲ့ တာဝန်ခံ အမည်မဖေါ်လိုသူတစ်ဦးက မနေ့က အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။
"လူတွေက အဲဒီအလံကို ဘာဖြစ်လို့ဖြုတ်တာလဲ၊ သူကပြောပြတယ်ပေါ့၊ အလံကိုဖြုတ်ရခြင်းက တစ်ခုတည်းပဲ၊ ငါတို့အဖွဲ့အစည်း NGO က Non-Political မို့လို့ ထောင်လိုက်လို့ရှိရင် အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာစိုးလို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေအရ မထောင်တာပေါ့နော်၊ လူတွေက လက်မခံဘူးပေါ့နော်၊ ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ လွှင့်ထူထားကြတာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကလည်း အလားတူ သာသနာ့အလံတွေ လွှင့်ထူကြတယ်လို့ သိရပါတယ်။
မနေ့က ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် Malteser International ရုံးတာဝန်ရှိသူတစ်ဦးက သူတို့ရုံးစိုက်တဲ့အိမ်မှာ ဝန်ထမ်းတစ်ချို့က သာသနာ့အလံ လွှင့်ထူထားတာကို အဖွဲ့အစည်း စည်းကမ်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြုတ်ချခဲ့ရာက စစ်တွေမြို့ ဒေသခံတွေနဲ့ အဖွဲ့အကြား ပဋိပက္ခစတင်ခဲ့ပြီး ဒီနေ့ညပိုင်းအထိ တခြားရုံးခန်းတွေကိုပါ လူအုပ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်သလို ရုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
မနေ့ည သန်းခေါင်အချိန်လောက်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ အရင်က ည ၁၂ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းတွေအထိ ကူးစက်ဖြစ်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေအကြား မယုံကြည်မှုသံသယတွေ ဘာ့ကြောင့် ကြီးထွားလာခဲ့ရသလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ ပဋိပက္ခတွေပြေငြိမ်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သွား သင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပဋိက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အကြီးအကဲ ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။