စစ်တောင်းမြစ်ရေ မြင့်တက်မှု သတိထားဖို့လို
စစ်တောင်းမြစ်ရေဟာ လောလောဆယ် စိုးရိမ်ရေမှတ်မှာ ရပ်တန့်နေပြီး နောက်ထပ် မိုးရွာလာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဒေသခံတွေအနေနဲ့ မိုးရေကြီးမြင့်မှု အန္တရာယ်ကို သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
-
2018-08-31 -
-
-
စစ်တောင်းမြစ်ရေဟာ လောလောဆယ် စိုးရိမ်ရေမှတ်မှာ ရပ်တန့်နေပြီး နောက်ထပ် မိုးရွာလာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဒေသခံတွေအနေနဲ့ မိုးရေကြီးမြင့်မှု အန္တရာယ်ကို သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
ပုံမှန်အခြေအနေဆိုရင် နောက်ထပ်ရွာမယ့်မိုးအတွက် စိုးရိမ်စရာမရှိပေမယ့် အခုချိန်မှာ ဆွာရေလှောင်တမံက ကျလာတဲ့ရေတွေ ရှိနေတာကြောင့် သတိထားရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
"စစ်တောင်းမြစ်ရေ တက်တာကတော့ အဓိကကတော့ ဆွာချောင်းရေလှောင်တမံက ရေတွေကြောင့် ဖြစ်တာပေါ့နော်။ လက်ရှိက ရေပိုလွှဲက Damage ( ပျက်စီး) သွားတော့ နောက်ဆုံးဒီ စစ်တောင်းမြစ်ထဲ ရောက်တာပေါ့လေ။ ဒ့ါကြောင့် ရေတိုးတာပေါ့လေ။ ရောက်တော့ စိုးရိမ်ရေမှတ်ကို ရောက်သွားတာပေါ့။ တစ်ခုသတိထားရမှာတော့ အဲဒီနေရာမှာ မိုးရွာသွန်းမှုများလား၊ နည်းလားပေ့ါလေ။ အဲဒါကို မူတည်ပြီး စစ်တောင်းမြစ်ရေ အတက်ကျတော့ ရှိမှာပေါ့"
လက်ရှိအချိန်မှာ ဆွာရေလှောင်တမံက ရေတွေပြန်ကျနေပြီလို့လည်း သိရပါတယ်။ ဒါပေမဲ့ ပဲခူးတိုင်း တောင်ငူမြို့မှာတော့ ဆွာရေလှောင်တမံက ရေတွေနဲ့ စစ်တောင်းမြစ်ရေကြောင့် နေအိမ်တွေ ရေမြုပ်နေပါတယ်။
တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ တက်တာကြောင့် လူဦးရေနှစ်သောင်းကျော် ကယ်ဆယ်ရေးစခန်း ၃၅ ခုမှာ ခိုလှုံနေရတယ်လို့ ပဲခူးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။
တောင်ငူမြို့ပေါ်ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၁၁ ခုမှာ ရေဝင်နစ်မြုပ်တာကြောင့် ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာက ထုတ်ပြန်ထားပါတယ်။