အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကို ရာဇသတ်ကြီး ပုဒ်မ - ၁၂၄ (က) နဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၉ ရက်နေ့က ထောင်ခုနစ်နှစ် ထပ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဦးစည်သူအောင်မြင့်ဟာ တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ - (က) နဲ့ နှစ်မှုခွဲပြီး စွဲထားတဲ့ အမှုတွေအတွက် ထောင်ငါးနှစ်ချမှတ်ခံထားရတာကြောင့် အခုအမှုနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ရှိသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“ပြီးခဲ့တဲ့ သောကြာနေ့က ဦးစည်သူအောင်မြင့်ကို ထောင်ဒဏ် ခုနစ်နှစ် ထပ်ချပါတယ်။ ၁၂၄ (က) နဲ့ ဗိုလ်တထောင်ခရိုင် တရားရုံးကနေ ချတာပါ။ အရင် ၅၀၅ (က) နှစ်မှုက ထောင်ငါးနှစ်ချထားတော့ စုစုပေါင်း ထောင် ၁၂ နှစ်ဖြစ်သွားတာပေါ့။ အခု ၁၂၄ (က) က ထောင်ဒဏ် ခုနစ်နှစ်နဲ့ ငွေဒဏ် တစ်သောင်းပါ။ သူ့ကျန်းမာရေးလည်း ကောင်းပါတယ်။ အဲဒီနေ့ကတော့ ခါးနာနေတယ်လို့ ပြောတယ်”
အထူးတရားရုံးကနေ အမိန့်ချမှတ်လိုက်တဲ့အပေါ် ဦးစည်သူအောင်မြင့်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိဘူးလို့လည်း သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မှန်မှန်ကန်ကန်ရေးသားနေတဲ့ ဝါရင့်သတင်းစာဆရာ တစ်ဦးအပေါ် အခုလို ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်နေတာဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ဦးစည်သူအောင်မြင့်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လက ဗဟန်းမြို့နယ်က နေအိမ်တစ်အိမ်မှာ ဦးစည်သူအောင်မြင့်နဲ့အတူ BBC Media Action အစီစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဦးစည်သူအောင်မြင့်ဟာ ၁၉၈၈ အရေးအခင်းနောက်ပိုင်းကစလို့ စစ်အစိုးရကို ဝေဖန်ထောက်ပြတဲ့ သတင်းဆောင်းပါးတွေ ရေးသားခဲ့တဲ့ ဝါရင့်သတင်းစာ ဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေက ဒီမိုကရက်တစ်မြန်မာ့အသံ DVB အတွက် ပြင်ပဆောင်းပါးတွေ ရေးသားတင်ဆက်ခဲ့သလို တိုင်းပြည်အပြောင်းအလဲ ဖြစ်ချိန် ၂၀၁၂ ခုနှစ်နောက်ပိုင်းကစလို့ Skynet Up to Date သတင်းဌာနမှာ အယ်ဒီတာချုပ်နဲ့ ဒုအယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဖမ်းဆီးခံရချိန်မှာတော့ အမေရိကန်အခြေစိုက် VOA မြန်မာပိုင်းသတင်းဌာနအတွက် ပြင်ပဆောင်းပါးရှင်တစ်ဦး အဖြစ် ဝေဖန်သုံးသပ်ချက်တွေ ရေးသားတင်ဆက်ခဲ့သူ ဖြစ်ပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်း သက်သာခွင့် ပေးတဲ့နေ့အထိ နိုင်ငံတစ်ဝန်းမှာ သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ အဖမ်းခံရပြီး ရက်ပိုင်းအကြာ စစ်ကြောရေးမှာ တင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ပါတယ်။
ဆက်လက် အကျဉ်းကျခံခဲ့ရသူ ၁၄၂ ဦး အနက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့အထိ သတင်းသမား ၉၅ ဦး ပြန်လွတ်လာပါတယ်။ ဒါကြောင့် မသူဇာ (ခ) အလှလေးသူဇာ အပါအဝင် သတင်းထောက် ၄၇ ဦး အကျဉ်းထောင်တွေထဲမှာ အခုချိန်ထိ ဖမ်းဆီး အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။