စဉ့်ကူးမြို့နယ်မှာ ရွှေတူးဖော်ရေးလုပ်ကွက် ပြိုကျတာကြောင့် နှစ်ဦးသေဆုံး


2019.04.29
homeaffairs-fbpost-622.jpg ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာက ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ကျောက်နဲ့မြေစာတွေ ပြိုကျတာကြောင့် တရုတ်နိုင်ငံသား တစ်ယောက်နဲ့ မြန်မာနိုင်ငံသားတစ်ယောက် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကူမင်းမြို့မှာနေထိုင်သူ အသက် ၄၆ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ယောက်နဲ့ အတူ မြန်မာနိုင်ငံသား ၃ ယောက်ဟာ လုပ်ငန်းလုပ်ဆောင်ဖို့ အင်းအတွင်း ဆင်းခဲ့ရာ ၅၆ ပေခန့် အရောက်မှာ ကျောက်နဲ့မြေစာတွေ ပြိုကျခဲ့တာ ဖြစ်တယ်လို့လည်း ပြည်ထဲရေးရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အတူဆင်းသွားတဲ့ သုံးယောက်မှာ စကားပြန်ဖြစ်သူကတော့ ထိခိုက်ဒဏ်ရာမရခဲ့ပေမယ့် နောက်ထပ်တစ်ယောက်က အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ပြီး တရုတ်နိုင်ငံသားကတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်စဉ်မှာ သေဆုံးသွားခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်ပန်လှနယ်မြေရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

လက်ပန်လှနယ်မြေရဲစခန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် ပြောရေးဆိုခွင့်ရှိသူတွေ မရှိသေးကြောင်း တာဝန်ကျရဲအရာရှိကပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။