စဉ့်ကိုင်က အဖမ်းခံလိုက်ရတဲ့ ကျောင်းဆရာတစ်ဦး သေဆုံး

2021.11.03
စဉ့်ကိုင်က အဖမ်းခံလိုက်ရတဲ့ ကျောင်းဆရာတစ်ဦး သေဆုံး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲ့ ရွာဘိုရွာက CDM ကျောင်းဆရာ ဦးဝင်းလွင် ကို တွေ့ရစဥ်
Photo: CJ
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားတဲ့ ကျောင်းဆရာကို နိုဝင်ဘာလ ၁ ရက်နေ့ညမှာ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာပဲ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အသက် ၃၂ နှစ်အရွယ် အထက်တန်းပြ ကျောင်းဆရာ ဦးဝင်းလွင်ကို ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၂ ရက်နေ့မှာ သေဆုံးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
 
"မနက် ၂ နာရီလောက်မှာ စစ်သားတွေရောက်လာပြီး ဆရာအပါအဝင် ရွာသားငါးဦးကို ဖမ်းသွားတယ်၊ နောက်ရက် မနက် ၇ နာရီလောက်မှာ ဆရာဆုံးသွားပြီလို့ အကြောင်းကြားလာတယ်၊ မိသားစုတော့ ရင်ခွဲရုံလိုက်သွားပြီး ကြည့်ခွင့်ရတယ်၊ ဦးနှောက်သွေးကြောပေါက်တယ်တဲ့၊ မိသားစုဝင်တွေက မယုံပေမဲ့ သေသွားပြီဆိုတော့ ဘာပြောလို့ရမှာလဲ၊ အလောင်းကိုတွေ့တဲ့အခါ မျက်နှာပဲဖွင့်ကြည့်လို့ရတယ် ကျန်တာကြည့်ခွင့်မရဘူး၊ ဓာတ်ပုံရိုက်ခွင့်မရဘူး" လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
 
အလောင်းကိုလည်း စစ်ကောင်စီတပ်သားတွေ ဝန်းရံပြီးမှ မိသားစုက သင်္ဂြိုဟ်ခဲ့ရတယ်လို့ ပြောပါတယ်။
 
ဆရာ ဦးဝင်းလွင်ဟာ စဉ့်ကိုင်မြို့ အထက်တန်းကျောင်းမှာ တာဝန်ကျနေတာဖြစ်ပြီး သေဆုံးသွားချိန်မှာတော့ ခြောက်နှစ်အရွယ် သားတစ်ဦး ကျန်နေခဲ့ပါတယ်။
 
ဆရာဦးဝင်းလွင်နဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ ငါးဦးမှာ နှစ်ဦးကိုတော့ နောက်နေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့နှစ်ဦးကိုတော့ ဒီနေ့အထိ ဆက်လက်ဖမ်းဆီးထားတယ်လို့ စဉ့်ကိုင်မြို့ခံတွေက ပြောပါတယ်။
 
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။