စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို MDY-PDF သိမ်းပိုက်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းက ရွှေပြည်ရဲစခန်းရှေ့တွင် နေရာယူထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းက ရွှေပြည်ရဲစခန်းရှေ့တွင် နေရာယူထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY-PDF)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) က ဇူလိုင် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းက ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး ယခင်က သိမ်းပိုက်ထားတဲ့ တပ်စခန်း ၆ ခု အပါအဝင် စုစုပေါင်း တပ်စခန်း ၁၁ ခုကို သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းသုံး ခုခံတိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်က စစ်ဆင်ရေးအတွင်း သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး အပါအဝင် ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ လက်နက်ချခဲ့တဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၂၅ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစပြီး "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။