မြန်မာ့အရေး အာဆီယံရပ်တည်ချက် မပြောင်းသေးကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော
2023.07.06

မြန်မာနဲ့ အာဆီယံဆက်ဆံရေးဟာ ဘုံသဘောတူညီချက်ငါးချက်အပေါ် အခြေခံတဲ့မူကို မပြောင်းလဲသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်အမတ်တွေရဲ့ မေးမြန်းချက်တွေကို ဇူလိုင်လ ၅ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှ်နန်က တုံ့ပြန်ဖြေကြားရာမှာ အခုလို ပြောလိုက်တာပါ။
ကုလသမဂ္ဂအပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံအားလုံး မြန်မာ့အရေး ကြိုးပမ်းရာမှာ အာဆီယံနဲ့ ပူးပေါင်းပြီး ဘုံသဘောတူညီချက်တွေ ပြည့်မြောက်အောင် ပါဝင်ကူညီဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်လာအောင် မြန်မာစစ်တပ်ကို ဖိအားပေးတောင်းဆိုဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို စင်္ကာပူက ကူညီသွားမယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆိုင်သူအားလုံးက အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒရှိမရှိ ဆိုတဲ့အပေါ် မူတည်တယ်လို့လည်း သူက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Center) က အကူအညီပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ၊ ၂၀၁၉ ခုနှစ် မတ်လက ဆောင်ရွက်ခဲ့တဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို လေ့လာသုံးသပ်ချက်တွေအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ့် နေရာသုံးခုကို သတ်မှတ်နိုင်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုတွေကြောင့် နှောင့်နှေးမှုတွေ ကြုံနေရတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။
စင်ကာပူအနေနဲ့ အာဆီယံရဲ့ဆောင်ရွက်ချက်တွေကို အားပေးထောက်ခံနေပြီး၊ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ အရေးပေါ် လိုအပ်ချက်တွေအတွက် စင်ကာပူဒေါ်လာ တစ်သန်းကျော် ထည့်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း အကူအညီတွေပေးပို့ဖို့ အသင့်ပြင်ထားကြောင်း၊ ဒုက္ခသည်တွေ နေရပ်ပြန်ပို့တဲ့အစီအစဉ် စတင်ရင် ဆက်လုပ်မယ့် လေ့လာ သုံးသပ်ချက်တွေအတွက် ကူညီဖို့ အသင့်ရှိနေကြောင်းလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှ်နန်က ဖြေကြားထားပါတယ်။