အသံတိတ်သပိတ် မလုပ်နိုင်အောင် ကား၊ ဆိုင်ကယ် လိုင်စင်တွေ ဖမ်းဆီးနေ

RFA Burmese
2023.01.31
အသံတိတ်သပိတ် မလုပ်နိုင်အောင် ကား၊ ဆိုင်ကယ် လိုင်စင်တွေ ဖမ်းဆီးနေ စစ်အာဏာသိမ်း တစ်နှစ်ပြည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တွေ့ရသည့် ရန်ကုန်မြို့မြင်ကွင်း။
RFA

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံမတိတ်ဘဲ လူစည်ကားအောင်အတွက် မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဘက်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ ဒီနေ့ ဆိုင်ကယ်တွေ၊ ကားလိုင်စင်တွေ စစ်ဆေး ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ဖြန် အသံတိတ်သပိတ်လုပ်မယ့် အချိန်အတွင်း လာရွေးခိုင်းတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ပုဂံ၊ ညောင်ဦး ဒေသခံတွေက RFA ကို ပြောပါတယ်။

ပုဂံ၊ ညောင်ဦး ဈေးအနီးတစ်ဝိုက် ယဉ်ထိန်းရဲရုံး အရှေ့ စတဲ့ နေရာ သုံးနေရာလောက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီး အချို့ပြည်သူတွေကတော့ ပြန်မရွေးကြတော့ဘူးလို့ ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ မနက် ၁ဝ နာရီကနေ ညနေ ၃ နာရီအတွင်း အိမ်ပြင်မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ကြဖို့ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ အသံတိတ်သပိတ်ကို ဖျက်ဆီးဖို့၊ ပြန်လည်တုံ့ပြန်ဖို့အတွက် စစ်ကောင်စီ ထောက်ခံပွဲတွေလုပ်ဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စုဝေးဟောပြောဖို့ ပြင်ဆင်နေကြပါတယ်။

ပုဂံ၊ ညောင်ဦးမြို့နယ်တင်မကဘဲ မကွေး၊ မန္တလေး၊ ပဲခူး စတဲ့ နေရာတွေမှာလည်း ဆိုင်ကယ်နဲ့ ကားတွေ လိုင်စင်တွေ ဖမ်းဆီးပြီး အသံတိတ်သပိတ် လုပ်မယ့် မနက်ဖြန် မနက် ၁ဝ နာရီကနေ ၃ နာရီအတွင်း လာရွေးခိုင်းနေတယ်လို့ ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း စစ်ကောင်စီလက်အောက်ခံ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကတော့ ဒီလိုဖမ်းဆီးစစ်ဆေးတာတွေ ပြန်ရွေးခိုင်းတာတွေကို ငြင်းဆိုလိုက်ပါတယ်။ ဒါက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်တာဖြစ်ပြီး အသံတိတ်သပိတ်ကို ဖျက်ဆီးဖို့ဆိုတာ တမင်ဝေဖန်ပြောဆိုတာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း တော်လှန်ရေး အင်အားစုတွေက အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြရာမှာ ပြည်သူ ၂ဝဝ လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။