ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ ရေးမြို့ဒေသခံများ ကန့်ကွက်

အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ မေလ ၅ ရက်နေ့ က ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ်
အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ မေလ ၅ ရက်နေ့ က ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ် (Photo: Kyaw Lwin Oo/RFA)

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာတည်ဆောက် မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ကန့်ကွက်တဲ့ လက်မှတ် ၄၀၀၀ နီးပါးကို ရေးမြို့ခံတွေက ပြည်နယ်အစိုးရအဖွဲ့ နဲ့ ပြည်နယ်လွှတ်တော်ထံ ဒီနေ့ ပေးပို့လိုက်ပါတယ်။

စက်ရုံ တည်ဆောက်မယ့် တိုယို-ထိုင်းကုမ္ပဏီ တာဝန်ရှိသူတွေက ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးမှာဖြစ် တာကြောင့် ဒေသခံတွေရဲ့ သဘောထားကို သိရှိနိုင်အောင် အခုလိုကန့်ကွက်ကြောင်းလက် မှတ်တွေ ပေးပို့တာဖြစ်တယ်လို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ကိုအောင်နိုင်ဝင်း က ပြောပါတယ်။

"ကန့်ကွက်တဲ့ လက်မှတ်ပေါင်း ကျနော်တို့ ၃၅၈၁ စောင်တင်ထားခဲ့ပေါ့နော်၊ အဲ့ဒါကို ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ကိုလိပ်မူပြီးတော့ တင်ခဲ့တယ်၊ ကျနော်တို့က ပြည်နယ်တိုင်းရဲ့လွှတ်တော်မှာ ကျောက်မီးသွေးသုံးစက်ရုံနဲ့ ပတ်သက်ပြီးတော့ လာရောက်ရှင်းလင်းမယ်ဆိုတဲ့ အတွက် ကျနော်တို့က တရားဝင်လမ်းကြောင်းအရ ကန့်ကွက်တဲ့လက်မှတ်တွေကို ရသလောက် ကျနော်တို့က စုစည်းပြီးပေးပို့လိုက်တာပါ"

အဲ့ဒီလက်မှတ်တွေဟာ ရေးမြို့ပေါ် ရပ်ကွက် ၉ ခု၊ ဆီးဖြူသောင်၊ အစင်နဲ့ တူးမြောင်း စတဲ့ ကျေးရွာ ၂၀ ကျော် က ဒေသခံတွေရဲ့ လက်မှတ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖာလိန်ဒေသမှာရှိတဲ့ ကျေးရွာ ၇ ရွာက ဒေသခံတွေရဲ့ လက်မှတ် ၅၀၀၀ ကျော်ကို ဒီလ ၁၄ ရက်နေ့မှာ ထပ်မံပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။

တိုယို-ထိုင်းကုမ္ပဏီက မြေဧက ၅၀၀ မှာ အံဒင်ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တာဝန်ယူဆောက်လုပ်မှာဖြစ်ပြီး အဲဒီစက်ရုံကနေ တစ်နှစ်ကို ၁၂၈၀ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။