လှေစီးဒုက္ခသည်တွေအရေး မှန်ကန်မျှတစွာပြောဖို့ ဘန်ကီမွန်းကို သူရဦးရွှေမန်း တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ် (Photo: RFA)

လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် "မှန်ကန်မျှတစွာ" ပြောဆိုစေ လိုကြောင်းပါရှိတဲ့ စာကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ထံ စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ မစ္စတာဘန်ကီမွန်းထံ ပေးပို့တဲ့စာကို မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူရဦးရွှေမန်းက ဖတ်ကြားပြခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"အဓိက ဦးရွှေမန်းပြောတာကတော့ အခုမြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေတဲ့အခါ Ban Ki-Moon တုန်းက လာရောက်ပြီးတော့လည်း နိုင်ငံခြားရဲ့ဖိအားကို လာပေးနေတဲ့သဘောတွေကို လူတွေကပြောနေကြတယ်၊ အဲ့ဒီအတွက်ကြောင့် ဦးရွှေမန်းက ဒါလေးတွေကို မြန်မာနိုင်ငံကို ပြန်ပြီးတော့ ဖိအားပေးမှုတွေအပေါ် မှာ ဖြေလျော့ပြီးဖိအားပေးရေးပေါ့နော်၊ ကျမတို့ မြန်မာနိုင်ငံကို သူတို့က အပြစ်ပြောနေတာချည်းပဲမဖြစ်ပဲ သမာသမတ်ပြောဖို့ပေါ့ အဲ့လိုလေးတွေပို့တာ"

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း မြန်မာ့ရေပိုင်နက်ထဲရောက်လာတဲ့ လှေစီးဒုက္ခသည်တွေ စုစုပေါင်း ၉၀၀ ကျော်လောက်ရှိပြီး အများစုဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကလို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတို့ ဆွေးနွေးနေကြပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စိစစ်နေပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကို ဘက်ပေါင်းစုံကထည့်သွင်းစဉ်းစားပြီး အပြုသဘောဆောင်ခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ကိုလည်း သူရဦးရွှေမန်းက စာထဲမှာ တိုက်တွန်းပြောဆိုထားပါတယ်။