ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ သူ့ကို ရုပ်သိမ်းပေးဖို့ ဇေယျာသီရိမြို့နယ် တပ်မတော်မိသားစုဝင်တွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ မနေ့က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
တပ်မတော်မိသားစုဝင်တွေရဲ့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ တိုင်ကြားစာမှာ ဦးရွှေမန်းအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ဖို့ ပြုလုပ်ခဲ့တာဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းပျက်ယွင်းခြင်းဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
အဲဒီ့တိုင်ကြားမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ(မြန်မာပိုင်း) သတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောကြားတဲ့ စကားတွေ ကို ကောက်နုတ်ဖေါ်ပြတဲ့ သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် လိုအပ်ရင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဖြစ်ပါတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ယခုကဲ့သို့ တိုင်ကြားစာရေးသားပေးပို့တဲ့သူတွေဟာ တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေချက်အရ ရေးသားတာ မျိုး ဖြစ်နေသလား ဆိုတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်လို့လည်း သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘုတ်မှာ ဇူလိုင် ၂၈ ရက် မနေ့က ရေးသားထားပါတယ်။