ရွှေကူမြို့နယ် မိုးစစ်ရွာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

2022.09.23
ရွှေကူမြို့နယ် မိုးစစ်ရွာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် မောင်ဇွဲနိုင်ဝင်းကို တွေ့ ရစဉ်။
Photo: myohla PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာမှာ စက်တင်ဘာ ၂၂ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက် ကြီး လက်နက်ငယ်ကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ နဲ့ PDF တွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက တစ်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ကျန်တဲ့ သေဆုံး၊ ဒဏ်ရာရသူတွေကတော့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ သေဆုံးခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မောင်ဇွဲနိုင်ဝင်းရဲ့ အစ်ကိုတော်စပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးထိလို့ ကျနော့် ညီက အသက်ပေးလိုက်ရတယ်။ ကျနော့်ယောက်ဖကတော့ လက်မောင်း ထိတယ်။ အခု သူက ရွှေကူဆေးရုံမှာ သွားခွဲထုတ်တယ်။ ဒဏ်ရာရတဲ့သူတွေက ရွှေကူ ဆေးရုံသွား တယ်။ ကျနော့်ညီက ခေါင်းရယ်၊ ကျောကုန်းရယ်ထိသွားတယ်။ အဲနေရာမှာပဲ သေသွားတာ ပွဲချင်းပြီး”

သေဆုံးသွားတဲ့ မောင်ဇွဲနိုင်ဝင်းကို ဒီနေ့ သင်္ဂြိုဟ်ဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါ တယ်။

နောက်ထပ်သေဆုံးသူတွေကတော့ အသက် ၃၅ နှစ်အရွယ် ဒေါ်သောင်းအေး၊ အသက် ၄၀ အရွယ် ဦးဝါနု တို့ ဖြစ်ပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ၅၁ နှစ်အရွယ် ဒေါ်အဆီမ၊ အသက် ၁၃ နှစ်အရွယ် ဒေါ်အဆီမရဲ့ သမီး၊ အသက် ၃၀ အရွယ်တွေဖြစ်ကြတဲ့ ကိုကျော်ခိုင်ဝင်းနဲ့ ဒေါ်ရွှေ၊ အသက် ၄၀ အရွယ် ဦးဇင်မင်းဦးတို့ ဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အဲဒီအထဲက ဦးဇင်မင်းဦး ဟာ ဆိုင်ပိတ်နေ စဉ် သေနတ်ကျည်ထိမှန်ခဲ့တာလို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ရွှေကူဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးစစ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၅၀၀ ခန့်ရှိပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်နေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးစစ်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က ရွာထဲကို ပစ်ပြီးဝင်တာ၊ အခုလည်း ရွာနောက်ဘက်ကို ပစ်နေတယ်။ ရွာသားတွေက ရွှေကူကို ပြေးတဲ့သူကပြေးတယ်။ ရွာဦးက ပေါက်ကုန်းကိုပြေးတယ်။ အခင်းထဲတွေ ပြေးကြတယ်။ အခုလောလော ဆယ်တော့ မနေ့က လက်နက်ကြီးထိပြီး တစ်အိမ်တော့ မီးလောင်သွားတယ်”

မနေ့က စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ရာကနေ ရွာဘက်ကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရ တာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်က ကျွန်းတော်ရွာဘက်ကနေ မိုးစစ်ဘက်ကို လှေနဲ့ကူးတဲ့အချိန်မှာ လက်နက်ကြီးတွေ ပစ်ပြီး မိုးစစ်ဘက်ကို ဝင်တာ။ မော်တော်ရေလယ်တစ်ဝက်လောက် ရောက်တော့ ကျနော်တို့ဆီက ပြန်ပစ်တယ်။ ပြန်ပစ်တဲ့အခါကျတော့ အပြန်အလှန် ပစ်ခတ်မှုတွေရှိတာပေါ့။ အပြန်အလှန်ပစ်ခတ်တဲ့အချိန်မှာ သူတို့ ဟိုဘက်ကနေပြီးတော့ ၆၀ မမ တွေ ထုတော့ ၆၀ မမ က ရွာနောက်မှာကျတာ။ ရွာနောက်မှာက ကလေးက သူ့ ဦးလေး နဲ့ နွားသွားရွှေ့တာ။ အဲမှာ လက်နက်ကြီးကျတာ ကလေးက သေသွားတယ်”

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကျည်တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရတာလို့ ပြောဆိုချက်တွေအပြင် မနေ့က ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စကို သူ့အနေနဲ့ မသိရသေးဘူးလို့ ပြန်လည်ဖြေကြားပါ တယ်။

မနေ့က တိုက်ပွဲနဲ့ပတ်သက်လို့ မြို့လှ PDF က ဒီနေ့ထုတ်ပြန်ချက်မှာ မနေ့က စစ်ကောင်စီ ရဲ့ တပ်မ ၈၈ လက်အောက်ခံ ခလရ (၇၈) က အင်အား ၁၀၀ လောက်နဲ့ ရွှေကူမြို့ ကျွန်းတော်ရွာကနေ ကူးတို့ စက်လှေ လေးစီးနဲ့ မိုးစစ်ရွာဘက်သို့ ကူးလာစဉ်မှာ မြို့လှ PDF က တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ စက်လှေ သုံးစီး နစ်မြုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။