ရွှေကျင်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းနီးပါးထွက်ပြေး
2023.03.13
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် ကျေးရွာ ၁၂ ရွာက အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံစိတ်၊ အင်္ဂနီ၊ မဘီ၊ ပဒဲကော၊ ဘောကထာ၊ ဝိုင်၊ ပျဉ်ရေ၊ သက္ကယ်ကုန်း၊ ထောင်လောင်၊ ညောင်အိုင်၊ ဝိုင်ရွာနဲ့ သိုက်တူးကန်စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်းက မတ်လ ၉ ရက်ကစပြီး ရွှေကျင်မြို့နယ်အတွင်းက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စီးနင်းနေတာလို့ ဒေသခံတေ ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးထိခိုက်သူတွေရှိနေတယ်လို့ ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ထောင်လောင်၊ ဝိုင်၊ ဘောကထာ၊ ပဒဲကော၊ ညောင်ပင်ကြီးစတဲ့ ရွာတွေပေါ့ သူတို့က လက်နက်ကြီးတွေ ပစ်ဝင်တော့ ထိပြီးသေတဲ့လူရော၊ ဒဏ်ရာရတာတွေရော ရှိတယ်။ အခုဖုန်းပြောနေရင်းနဲ့တောင် ဘေးနားမှာ ပြေးနေရတဲ့လူတွေ ရှိနေတယ်။ လောလောဆယ် စစ်ကြောင်းက အင်္ဂနီရွာထဲမှာ အထိုင်ချပြီး အရပ်ရှစ်မျက်နှာကို လက်နက်ကြီး ပစ်ခတ်နေတာပေါ့"
ဒေသခံတွေဟာ ရွှေကျင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားရင်ပြင်ပေါ် စတဲ့ သာသနိက အဆောက်အအုံတွေမှာ ခိုလှုံနေကြတယ်လို့ သူက ပြောပါတယ်။
ပဲခူးတိုင်းအတွင်း နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။