ရွှေကူမြို့နယ်က စစ်ကောင်စီ စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း KIA ပြော
ကချင်ပြည်နယ် ရွှေကူမြို့နယ်က စစ်ကောင်စီ တပ်ရင်း ၅၆ နဲ့ ၆၀၂ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
KIA က စခန်းသိမ်းလိုက်ပေမယ့် အထိုင်ချတပ်စွဲထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ အထိုင်ချထားတဲ့ စခန်းဖြစ်တာကြောင့် ရေကြောင်းအတွက် အရေးကြီးတဲ့စခန်းတွေဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက် စစ်တပ်က စစ်ကြောင်းထိုးလာနိုင်ဖို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိပေမယ့် ထိခိုက်မှုတွေတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေး၊ စစ်ရေးတွေနဲ့ပတ်သက်ပြီး စစ်တပ်ကထုတ်ပြန်မှသာ သိနိုင်မယ်လို့ ပြောပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညက အနန့်ပါရွာမှာလုပ်နေတဲ့ KIO အထိမ်းအမှတ်ပွဲကို လေကြောင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားနဲ့ KIA အမှုထမ်းတွေ အပါအဝင် စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကလည်း လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း ပစ်ခတ်ခံရပြီး ကလေးသူငယ်တွေ အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၁၆ ရက်နေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ အောင်ဂျာရွာက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။