ရွှေဘို ဘုန်းဘွဲ့ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံရ

RFA Burmese
2023.10.24
ရွှေဘို ဘုန်းဘွဲ့ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံရ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ မီးရှို့ခံနေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
ရွှေဘိုခရိုင်သတင်းစုံ

စစ်ကြောင်းဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာမှာ အောက်တိုဘာ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၄ ရက်နေ့က ဘုန်းဘွဲ့ကျေးရွာမှာ ဝင်ရောက်တပ်စွဲပြီး အနီးအနားကျေးရွာတွေကို တစ်ပတ်ကြာ စစ်ကြောင်းထိုးနေခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက် စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထွက်သွားချိန် ရွာထဲကို အခြေအနေ ဝင်ကြည့်တဲ့ သူတို့တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တိုက်ဂါး က RFA ကို ဒီနေ့ ပြောပါတယ်။

"ရွာကို စစ်ကြောင်းဝင်လာတုန်းက ၁၂၀ လောက်၊ နောက်ရက်ကျ ပြန်ထွက်သွားသေးတာ။ စစ်ကြောင်း မရှိတော့ဘူးအထင်နဲ့ အခြေအနေကြည့်ဖို့ ရွာကိုဝင်ကပ်တုန်း မိသွားတယ်။ လေးယောက် သွားကြတာ၊ တစ်ယောက်က လွတ်လာတယ်။ ၂၁ ရက်နေ့ကျမှ စစ်ကြောင်းဝေးသွားတော့ ရွာထဲကို ဝင်လို့ရတယ်။ အဲဒီအချိန်တော့ ရုပ်အလောင်းတွေလည်း မပီပြင်တော့ဘူး"

အသတ်ခံရတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ အသက် ၄၀ အရွယ် နှစ်ဦးနဲ့ ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ အသတ်ခံရသူတွေရဲ့ နာမည်အတိအကျကိုတော့ သူက ထုတ်မပြောပါဘူး။

ဘုန်းဘွဲ့ရွာမှာ ကောင်စီတပ် ယာယီစခန်းချပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးရှင်းလင်းနေ တာကြောင့် ရွှေဘိုနဲ့ ဝက်လက်မြို့ နယ် ကျေးရွာတွေကနေ လူ ငါးရာကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ခါတိုင်း စစ်ကြောင်းထိုးပြီဆို တစ်ရက်လောက်ပဲဝင်တာ။ အခုက ဒီလောက်အကြာကြီး ရွာကို မနေဖူးကြဘူး။ ရွာကို ဘာမှတော့ လုပ်မသွားဘူး။ အခုတော့ တချို့တော့ ရွာထဲကို ပြန်ဝင်ကြပြီ"

ဘုန်းဘွဲ့ကျေးရွာဟာ ရွှေဘို-မန္တလေး ကားလမ်းမကြီးဘေးမှာတည်ရှိပြီး အိမ်ခြေ လေးရာကျော် ရှိပါတယ်။

အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက်မှာတော့ အဲဒီစစ်ကြောင်းဟာ ရွှေဘိုမြို့အဝင်က တဂဏန်းရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်သွားတာ တွေ့ရတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၄၁၅၄ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။