ရွှေဘိုမြို့စျေးထဲ လက်နက်ကြီးကျလို့ လူငါးဦး ဒဏ်ရာရ

ရွှေဘိုမြို့ အဝင်ကို ၂၀၂၁ ခုနှစ် ဇူလိုင်က တွေ့ရစဉ်။
ရွှေဘိုမြို့ အဝင်ကို ၂၀၂၁ ခုနှစ် ဇူလိုင်က တွေ့ရစဉ်။ (Shwebo District GAD)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်က အောင်ဇေယျစျေးထဲ မတ်လ ၂၅ ရက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၅နှစ်အရွယ် မော်ဇင်မင်းထက်၊ အသက် ၃၀ အရွယ် မတင်တင်မိုး၊ အသက် ၃၈ နှစ်အရွယ် မခိုင်မိုမိုလင်း၊ အသက် ၆၄နှစ်အရွယ် ဒေါ်တင်တင်ဌေး နဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်ခင်စိန်တို့ဖြစ်ပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့အပြင်ကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ မတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကတော့ စစ်ကောင်စီတပ်ရဲ့ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်က ပစ်ခတ်ခဲ့တာလို့ RFAကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

RFA ကပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ မတ်လ ၂၆ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၃၂၄၃ ဦး သေဆုံးခဲ့ပြီး ၆၄၃၁ ဦး ဒဏ်ရာရခဲ့ပါတယ်။