ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ရွှေညဝါ ဆရာတော်က လာမယ့်ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ ရက်တွေမှာ တရားဟောပြောဖို့ စီစဉ် ထားတာပါ။ ဒါပေမယ့် သက်ဆိုင်ရာ သာသနာရေးဌာန အရာရှိတွေက သံဃာ့ မဟာနာယကရဲ့ခွင့်ပြုချက် လိုတယ်လို့ ဆရာတော်ကို လျှောက်ထား လာတဲ့အတွက် အခုလို သံဃာ့ မဟာနာယက ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်ကို တောင်းခံခဲ့ရတာလို့ ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။ ရွှေညဝါ ဆရာတော်ကို မန္တလေးမြို့ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောခဲ့လို့ သီတင်း သုံးနေထိုင်တဲ့ သာဓု ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်က သံဃာ့ မဟာနာယကအဖွဲ့က အမိန့် ထုတ်ပြန် ထားပါတယ်။ ရွှေညဝါဆရာတော် တစ်ပါးတည်းအနေနဲ့ ရွှေ့ပြောင်းမယ့်ကိစ္စ လွယ်ကူပေမယ့် လက်ရှိ ပို့ချနေတဲ့ သင်တန်းအားလုံး ဖျက်သိမ်းရမှာကြောင့် စာသင် သံဃာတော်တွေနဲ့ သီလရှင်တွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိမယ်လို့ ဆရာတော်က မိန့်ကြား သွားပါတယ်။
ရွှေညဝါဆရာတော် တရားဟောကြားခွင့် ပြန်လည်ရရှိ
ရွှေညဝါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည် ဟောပြောခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
