ရခိုင်ပြည်နယ်မှာ လူထုအစည်းအဝေး ကျင်းပမယ်
2011.12.27

လူထု အစည်းအဝေးပွဲ ကျင်းပနိုင်ဖို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံက ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ ဖြစ်ပေမယ့် ပရိသတ် ၅ဝဝ လောက် ဖိတ်ကြားထားပြီး လူထုအစည်းအဝေးကို ကျင်းပသွား မယ်လို့ အမျိုးသား လွှတ်တော်အမတ် RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။
“ခရိုင်ကော်မရှင်ကတော့ ခွင့်ပြုပါတယ်။ ဒါပေမယ့် သူတို့က သေချာအောင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတယ် ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီနေ့က လုပ်မှာပါ။ တွေ့ဆုံပွဲ ပါ။ ကျောက်ဖြူ ဆိုတာ ရခိုင်ပြည်ရဲ့ အလယ်ပိုင်း ဖြစ်တယ်၊ နှစ်ဆန်း တရက်နေ့ ဖြစ်တယ်၊ အဓိက ရွှေဂက်စ် စတင်ခဲ့တဲ့ နေရာဒေသတခုက ထွက်တဲ့ပစ္စည်း အပေါ်မှာ သင့်လျော်တဲ့ ရာခိုင်နှုန်းတခုကို တိုင်းဒေသ ကြီး ပြည်နယ်အစိုးရရဲ့ လာမယ့်ဘတ်ဂျက် မှာ ထည့်သွင်းပေးဖို့ တောင်းဆိုတိုက်တွန်းသွားမှာပါ”
လွှတ်တော်အတွင်းမှာ တင်ပြခဲ့ပေမယ့် အောင်မြင်မှု မရှိတဲ့အတွက် အခုလို လူထုအစည်းအဝေးကနေ တစ်ဆင့် ပြည်ထောင်စုအစိုးရ အနေနဲ့ လူထုသဘောထား သိအောင် ဆောင်ရွက်ရတာ ဖြစ်ကြောင်း ပြောပါတယ်။
ရခိုင်ကမ်းမြောင်ဒေသ ရွှေဂက်စ် စီမံကိန်း A1 နဲ့ A3 လုပ်ကွက်တွေက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ ကုဗသန်းပေါင်း ၅ဝဝ ကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချပြီး ကုဗသန်းပေါင်း ၁ဝဝ ကို ပြည်တွင်းမှာ သုံးစွဲမယ်လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။ ဒါပေမယ့် သယံဇာတ ထွက်ရှိတဲ့ ပြည်နယ်တွေမှာ တန်းတူ အကျိုးခံစားခွင့် မရှိတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ အနေနဲ့ တန်းတူခံစားခွင့်ရှိအောင် ပြည်ထောင်စုအစိုးရက ချမှတ်ပေးဖို့ RNDP က တောင်းဆိုနေတာလို့ ပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |