မိုးဗြဲအင်းဒေသခံ လေးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲအင်းဒေသမှာ အခုနှစ် မေလကနေ ဇွန်အတွင်း စစ်ကောင်စီတပ်သားတွေက နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံလေးထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့ က ဇူလိုင်လ ၂၇ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ မိုးဗြဲအင်း အရှေ့ဘက်အခြမ်းကို မြေလှန်ဖျက်ဆီးတဲ့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးအတွင်း နေအိမ်အလုံးတစ်ရာကျော် ဖျက်ဆီးခံခဲ့ရပြီး လွယ်ပေါရွာအုပ်စုထဲက ဒေသခံ လေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။
မေလ ၁၂ ရက်နေ့က ညောင်ရွှေ-မိုးဗြဲလမ်းပိုင်းပေါ်က စစ်ကောင်စီတပ်နဲ့ ပအိုဝ့်ပြည်သူ့စစ် (PNO) တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်တိုက်ခဲ့ပြီးနောက် ခမရ (၄၂၂) နဲ့ PNO ပူးပေါင်းတပ်တွေ မိုးဗြဲအင်းအရှေ့ဘက်က လွယ်ပေါရွာကို နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မေလ ၁၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပါလုပ်လာလို့ ဒေသခံလေးထောင်ကျော် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ပင်လောင်း၊ တောင်ကြီးနဲ့ ကယားပြည်နယ် လွိုင်ကော်အပြင် ထိုင်းနိုင်ငံဘက်ကိုပါ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဒီနေ့ညနေပိုင်းအထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
လွယ်ပေါရွာအုပ်စုအတွင်းမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတာဖြစ်ပြီး တိုက်ပွဲနဲ့နေအိမ် ဖျက်ဆီးခံရတာအပြင် ရွာအတွင်းကျန်နေတဲ့ မိုင်းတွေကြောင့် ဒေသခံတွေ နေရပ်ပြန်ရေးနဲ့ မူလလုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်ရေး အခက်အခဲဖြစ်နေရတယ်လို့ ရှမ်းလူ့အခွင့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။