သိန္နီနဲ့လားရှိုးလမ်းမှာ ယာဉ်တချို့မီးရှို့ခံရ

ရှမ်းပြည်နယ် သိန္နီမြို့နယ် ပန်ဖတ်ရွာနဲ့မိုင်းလီရွာကွေ့တံတားပေါ်မှာ ဒီမနက်က လက်နက်ကိုင် တချို့က ဈေးသည် ဆိုင်ကယ်တစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီး အပါအဝင် ကားငယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သိန်းနီနဲ့ လားရှိုးကြား တံတားပေါ်မှာ ၂ဝ၁၉ သြဂုတ် ၃ဝ ရက်နေ့က ကားတချို့ မီးရှို့ဖျက်ဆီးထားတာကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် သိန္နီမြို့နယ် ပန်ဖတ်ရွာနဲ့မိုင်းလီရွာကွေ့တံတားပေါ်မှာ ဒီမနက်က လက်နက်ကိုင် တချို့က ဈေးသည် ဆိုင်ကယ်တစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီး အပါအဝင် ကားငယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အခုလ ၁၇ ရက်နေ့ကစတင်တဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တိုက်ပွဲအတွင်းမှာ အခုလို ခရီးသည်တင် ကားတွေနဲ့ ပရဟိတကားတွေ ပစ်ခတ်ခံရတာ မီးရှို့ခံရတာပိုများလာနေပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ ပန်ဖတ်ရွာအနောက် တောင်ကြောပေါ်ကနေဆင်းလာပြီး ကားတွေကို ရပ်ခိုင်းပြီး ခရီးသည်တွေဆီကနေ ဖုန်းတွေကို သိမ်းသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မီးလောင်သွားတဲ့ ခရီးသည်တင်မှန်လုံဟာ ဂျူပီတာယာဉ်လိုင်းကဖြစ်ပြီး ရန်ကုန်ကနေ မူဆယ်ကို သွားမှာဖြစ်ပြီး ဟိုက်ဂျက်ကုန်တင် ကားငယ်ကတော့ မီးသွေးတွေတင်ဆောင်ထားတာပါ။

အိမ်စီးကားကလည်း လားရှိုးဘက်ကိုသွားမှာဖြစ်သလို ဆိုင်ကယ်ဈေးသည်ကတော့ လားရှိုးကနေ သိန္နီကို ဈေးသွားရောင်းတာလို့ သိရပါတယ်။ ကားတွေကို တံတားပေါ်မှာရပ်ခိုင်းထားပြီး မီးရှို့သွားတဲ့ အခြေအနေကို တွေ့ရပါတယ်။

မီးရှို့ခံရပြီးတဲ့နောက် တပ်မတော်ဘက်က လိုက်လံရှင်းလင်းချိန်မှာ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားတွေကိုတားပြီး မီးရှို့သူတွေဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှာ ပါဝင်တဲ့ ကိုးကန့်အဖွဲ့ဖြစ်နိုင်တယ်လို့အနီးအနားမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ကားမီးရှို့တဲ့ဖြစ်စဉ်အပြီးမှာ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တာကြောင့် ကျေးရွာသားတွေဟာ ကျေးရွာဘုရားကျောင်းမှာ စုနေသူတွေရှိသလို တချို့က မန်ဆူကျောင်းကို တိမ်းရှောင်နေကြသူတွေလည်း ရှိပါတယ်။

လမ်းမှာ ကားတွေ ကန့်လန့်ပိတ်ရပ်ခိုင်းပြီး မီးရှို့ခဲ့တဲ့ဖြစ်စဉ်ကြောင့် ဒီမနက်မှာ သိန္နီ-လားရှိုး ခရီးသွားလာမှု ယာယီပိတ်သွားခဲ့ပြီး တပ်မတော်က ရှင်းလင်းပြီးတဲ့နောက်မှာ မနက် ဆယ်နာရီခွဲမှာတော့ ကားလမ်းတွေ ပုံမှန်ပြန်ပွင့်သွားခဲ့ပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကွတ်ခိုင် နမ့်ဖတ်ကာ အထွက်မှာ ခရီးသည်တချို့ လိုက်ပါလာတဲ့ ယာဉ်ငယ် သုံးစီးကို ကိုးကန့်အဖွဲ့ကတားမြစ်ခဲ့ပြီး ကားနှစ်စီးကတော့ မီးလောင်ခဲ့ပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ မနေ့ကလည်း ကွတ်ခိုင် နမ့်ဖတ်လွန်အတက် ဗြုံးတောင်နေရာမှာ မန္တလေးကနေ မူဆယ်ကိုသွားတဲ့ဆယ့်နှစ်ဘီးကုန်တင်ကားတစ်စီး မီးရှို့ခံခဲ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကတော့လက်ရှိတပ်မတော်နဲ့ဖြစ်နေတဲ့တိုက်ပွဲမှာ တပ်မတော်ဖက်က အရပ်သားကားတွေကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့်  အရပ်သားကားတွေနဲ့ စစ်သည်တွေကို တင်ဆောင်တာ လက်နက်တွေ တင်ဆောင်တာမလုပ်ဖို့ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

ဒီလို စာထုတ်ပြန်အပြီးမှာ ခရီးသွားကားတွေ ပိုမိုတားမြစ်ခံလာရပြီး မီးရှို့ခံရတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။

ဒီကနေ့ကားမီးရှို့ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့မှာပါဝင်တဲ့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုလည်း ဒီနေ့အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ဒီမနက် တိုက်ပွဲနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အခုလ ၁၇ ရက်နေ့က စတင်တဲ့ တိုက်ပွဲကြောင့် သြဂုတ် ၃၀ ဒီနေ့အထိ ရှမ်းမြောက်ဒေသ လားရှိုး-မူဆယ်လမ်းပိုင်းမှာ ပရဟိတကားနှစ်စီး ပစ်ခတ်ခံခဲ့ရပြီး ဆိုင်ကယ်တစ်စီး ခရီးသည်မှန်လုံတင် ယာဉ်တစ်စီးအပါအဝင် အရပ်သားကား ခြောက်စီး မီးလောင်ပျက်စီးခဲ့ပြီး ကား ငါးစီးကျော်အထိ ပစ်ခတ်ခံခဲ့ရပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org