ရှမ်းပြည်မှာ မတရားသင်းဆက်သွယ်မှုနဲ့ ၈ ဦးကိုဖမ်းဆီး


2016.06.03

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ပန်စုံကျေးရွာက ဒေသခံ ၈ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့နဲ့ ဆက်သွယ်လို့ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ သိန်းနီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

ဆက်ကြေးကောက်ဖို့၊ လူသစ်စုဖို့ကိစ္စတွေကို တိုင်ပင်နေတဲ့အချိန်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့ကတော့ ဝမ်ဟိုင်းကတာဝန်ပေးထားတဲ့ ကျေးရွာသူကြီးတွေပါတာပေါ့နော်၊ ဒီဘက်ကလက်နက်ကိုင် အဖွဲ့အစည်းအခေါ်ဆိုရင် အမာခံလို့ခေါ်တာပေါ့၊ ဆက်ကြေးကောက်ဖို့တွေ၊ လူသစ်စုဖို့တွေ ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ တိုင်ပင်နေကြပါတယ်၊ အဲ့ဒီတော့ သတင်းအရ ကျနော်တို့ သွားရောက်ဖမ်းဆီး ထိန်းသိမ်းပြီးတော့ လက်နက်ကိုင်သောင်းကျန်းသူနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ပေါ်ပေါက်တဲ့အတွက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်အရေးယူထားပါတယ်ခင်ဗျ"

တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ပန်စုံကျေးရွာမှာ သွားရောက်ဖမ်းဆီးခဲ့ပြီး သိန်းနီရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးခံထားရသူတွေကို အစိုးရတပ်မတော်ဖက်က နယ်မြေခံတပ်ရင်းမှာရှိတဲ့ အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့တို့ ပြီးခဲ့တဲ့ မေလကစပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထောင်ဂဏန်းလောက်ရှိမယ့် ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။

SSPP/SSA ဝမ်ဟိုင်းအဖွဲ့ဟာ အရင်အစိုးရလက်ထက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။