မိုင်းရှုးအနီး တိုက်ပွဲပြင်းထန်


2015.10.25
shan-war-stop-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် လူမှုအဖွဲ့အစည်း ၅ဝ ကျော် အောက်တိုဘာလ ၂၅ ရက်နေ့က သိန်းနီမြို့က ဓာတ်တော်စေတီ ဘုန်းကြီးကျောင်းအပြင်ဘက်မှာ ဆုတောင်းပွဲပြုလုပ်ကြစဉ်
Photo:Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့အနီးမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေပြင်း ထန်နေပြီး လက်နက်ကြီးတွေပါ ရွာအနီးအနားထိ ကျရောက်နေတဲ့အတွက် ဒေသခံစစ်ဘေးဒုက္ခသည် တစ်ရာကျော် မနေ့က မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာခဲ့ကြပါတယ်။

ဒုက္ခသည်တွေကို မိုင်းရှုးမြို့ ရပ်ကွက် ၄ မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာနေရာချထားပြီး တချို့ကတော့ ဆွေမျိုး အိမ်တွေမှာ ခိုလှုံနေကြတယ်လို့ မိုင်းရှုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်က ပြောပါတယ်။

"မြို့ပေါ်မှာတော့ ၁၅ဝ ကျော်လောက်ပဲရှိပါတယ် ရွာတွေမှာတော့ နည်းနည်းပါးပါးရှိတယ်၊ တိုက်ပွဲကတော့ သူတို့ရွာဘေးနားမှာဖြစ်နေတဲ့အတွက် သူတို့က ကြောက်လို့အပေါ်တက်လာကြတာပါ၊ ကျနော်တို့ ကြားတာ သုံးလေးလုံးလောက်ပဲ ကျတယ်လို့ ကြားတာပါ ရွာဘေးတွေကိုကျတာပါ၊ ကျတာတော့ ပြီးခဲ့တဲ့ ၂ ရက်လောက် က ၄ လုံးလောက်ကျတာပါ၊ အဲ့ဒါလည်း ကျန်တဲ့လူတွေပြေးကြတယ်ဆိုတော့ ဘေးနားကရွာက တချို့ကလည်း မြို့ပေါ်အထိတက်လာကြတာပေါ့၊ သူတို့အမျိုးတွေဆီ လာနေကြတာများတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်နဲ့ SSPP/ SSA တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝမ်ဆော့နဲ့ ဟိုင်ပါကျေးရွာတွေမှာ ဒုက္ခသည် နှစ်ထောင်ကျော် ခိုလှုံနေ ကြရပါတယ်။

မနေ့ကအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် မိုင်းရှုးမြို့ပေါ်ထွက်ပြေးလာကြရတာလို့ ဒေသခံတွေက ပြော ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ရှမ်းပြည်နယ် ထဲက အရပ်ဘက်လူမှုအဖွဲ့အစည်း ၅ဝ ကျော်က ဒီနေ့ သိန်းနီမြို့က ဓာတ်တော်စေတီ ဘုန်းကြီးကျောင်းအပြင် ဘက်မှာ ဆုတောင်းပွဲပြုလုပ်ကြပြီး စစ်ပွဲတွေရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတဆီ တောင်းဆိုတဲ့စာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ SSPP/SSA တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိုင်းရှုးမြို့ကို ထွက်ပြေးလာကြသူုတွေထဲမှာ လီဆူးတိုင်းရင်းသားတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။

SSPP/SSA တပ်တွေ ရွာအနီးအနားက တောင်ကုန်းတွေမှာ တပ်စွဲထားတာကြောင့် အစိုးရတပ်တွေက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

လီဆူးဒုက္ခသည် ကိုစိုင်းလူကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တိုက်ပွဲတွေနဲ့ ဒုက္ခသည်အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုင်းရှုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။