စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် ကြဖို့ တပ်မတော် ညွှန်ကြား
2015.11.21

ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့တစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ တာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်မှာ ပြန်နေကြဖို့ တပ်မတော်ဘက်က ပြန်ခေါ်နေတယ်လို့ သိရပါတယ်။
တပ်မတော်ကနေ မိုင်းနောင်မြို့က ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ဒေသခံတွေကို ပြန်လာနေကြဖို့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး ပြောသွားပေမယ့် ဒေသခံတွေအနေနဲ့ ပြန်မလာရဲသေးဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်မိုင်က ပြောပါတယ်။
"သူတို့ အဲ့ဒီရွာသားတွေကိုပြောတော့ ဘာမှမဖြစ်ဘူး ပြန်လာနေဖို့ အဲ့လိုမျိုးတော့ ပြောတယ်ခင်ဗျ၊ စစ်သားတွေ ကလည်း ပြည်သူပြည်သားတွေကို အရင်လိုမျိုး ပြန်နေစေချင်တယ် ဒါပေမဲ့ ပြည်သူပြည်သားတွေကလည်း ဘယ်အချိန် ထပ်ဗုံးကျဦးမယ်၊ ဘယ်အချိန် တပ်ပြီးတော့ ရဟတ်ယာဉ်တွေနဲ့လာပြီး ဗုံးထပ်ကြဲဦးမလဲဆိုတာ သူတို့က အဲ့ဒီဟာကိုမသိဘူး၊ အဲ့ဒီဟာတွေအတွက်လည်း စိုးရိမ်နေကြတယ်၊ နောက်ထပ်တချို့ အဲ့ဒီမှာ ကျန်ရစ်ခဲ့တဲ့လူတွေကလည်း အဲလိုမျိုး ကတုတ်ကျင်းတွေလို ကျင်းတွေတူးပြီး နေကြတဲ့ဟာတွေလည်းရှိတယ်၊ မိုင်းနောင်ကနေထွက်ပြီးတော့ မထွက်ရဲတဲ့ဟာတွေလည်း ရှိနေသေးတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မိုင်းနောင်မြို့နဲ့အနီးတဝိုက်မှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် တာတွေကြောင့် ဒေသခံ ၁၅ဝ ကျော်က တောင်ကြီးမြို့ကို ထွက်ပြေးလာကြပြီး ၇ဝဝ ကျော်လောက်ဟာ လဲချားမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အဲ့ဒီလို ပစ်ခတ်ခံခဲ့ရပြီး မိုင်းနောင်မြို့ထဲက နေအိမ် ၉ လုံး၊ အထက်တန်းကျောင်း ၁ ကျောင်း ပျက်စီးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး တပ်မတော်သားတွေက ကျောင်းကို ပြန်လည်ပြင်ဆင်ပေးနေကြတယ်လို့လည်း သိရပါတယ်။
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေဟာ မိုင်းနောင်မြို့အရှေ့ဘက်နဲ့ မြောက်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခွန်မိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။